ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့ရဲ့ နည်းပြချုပ် တန်ဟက်ဂ်ကို အလျင်စလို ရာထူးကနေ မထုတ်ပယ်ပဲ အချိန်ပေးသင့်တယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ယှဉ်ပြိုင်နေရပြီး အာဆင်နယ်က သူတို့ရဲ့ ချန်ပီယံအိမ်မက်ကို ဆက်လက် အသက်သွင်းချင်ရင် ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နဲ့ ရာသီ သိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၃၆) အပြီးမှာ အဆင့်(၈)နေရာ အထိ ရောက်ရှိနေကာ ဥရောပဝင်ခွင့် ရဖို့ မသေချာတဲ့ အနေအထားကို ရောက်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကလည်း ဥရောပဝင်ခွင့် ရယူနိုင်ဖို့နဲ့ ရပ်တည်ချက် ကောင်းဖို့ အတွက် လက်ကျန် ၃ပွဲစလုံးမှာ နိုင်ပွဲတွေ ရယူနိုင်ဖို့ လိုအပ်နေပြီး နှစ်သင်းစလုံးက ရည်မှန်းချက် ကိုယ်စီ အတွက် တိုက်ပွဲဝင်ကြမှာ ဖြစ်တာကြောင့် ယနေ့ညမှာ ကျင်းပမယ့် အိုးထရက်ဖို့ဒ်တိုက်ပွဲဟာ ပရိသတ်တွေ စောင့်ကြည့် အားပေးသင့်တဲ့ ပွဲစဉ်ပါ။

Photo Credit: Telegraph

လက်ရှိမှာ အိမ်ရှင် မန်ချက်စတာ ယူနိုက်တက်က ရလဒ်တွေ အတော်လေး ဆိုးဝါးနေတာကြောင့် ဒီညပွဲမှာသာ ထပ်ရှုံးရင် တန်ဟက်ဂ်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိနေပြီး အာတီတာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ တန်ဟက်ဂ်လို နည်းပြကောင်း တဦးကို အချိန်ပေးသင့်တယ်လို့ ဆိုလာပါတယ်။

အာတီတာက – “ကျွန်တော်ကတော့ တန်ဟက်ဂ်ဟာ လုံလောက်တဲ့အချိန် ရဖို့ မျှော်လင့်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က လုပ်ငန်းတူ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေလို့ပါ။ ပရီးမီးယားလိဂ်က ဘယ်လောက်အထိ ခက်လဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ နည်းပြတယောက်ရဲ့ အနာဂတ်က ဘယ်လိုဖြစ်သွားနိုင်လဲ ဆိုတာကိုလည်း နားလည်ပါတယ်။ သူက နည်းပြကောင်း တယောက် ဖြစ်လို့ ယူနိုက်တက်မှာ အချိန်တခု ရဖို့ မျှော်လင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။