အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက ချန်ပီယံလိဂ်မှာ ရီးရဲလ် မက်ဒရစ်အသင်းကို အနိုင်ရခဲ့တဲ့ အရှိန်အဟုန်ကို အသင်းသားတွေ အနေနဲ့ ပရီးမီးယားလိဂ် ရာသီသိမ်း ကာလမှာ ခြေစွမ်း တည်ငြိမ်မှု ရရှိရေးအတွက် အသုံးပြုနိုင်ကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဂန်းနားတို့ဟာ ကြားရက်က ဆန်တီယာဂို ဘာနေဗျူးမှာ ချန်ပီယံလိဂ် လက်ရှိချန်ပီယံ ရီးရဲလ်ကို (၁-၂)နဲ့ အနိုင်ရပြီး နှစ်ကျော့ပေါင်း (၁-၅)နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာတော့ တန်းဆင်းဇုန်နား ရောက်နေတဲ့ အစ်ဆွစ်ချ်တောင်း အသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းနဲ့ (၁၃) မှတ်အထိ ကွာဟနေပါတယ်။

Photo Credit : AFTV

အာဆင်နယ်ဟာ အစ်ဆွစ်စ်ချ်ကို အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးလ်က တနင်္ဂနွေနေ့မှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်သေးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တန်းဆင်းရဖို့ အခြေအနေများနေတဲ့ အစ်ဆွစ်ချ်ကသာ အာဆင်နယ်ကို အနိုင်ရခဲ့မယ် ဆိုရင်တော့ လီဗာပူးလ်ဟာ လက်စတာစီးတီးကို အနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်ပါတယ်။

ဒါကြောင့် အာတီတာက အသင်းရဲ့ ပရီးမီးယားလိဂ် ခြေစွမ်း တည်ငြိမ်မှု ရှိဖို့ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ အောင်ပွဲကို အချိန်ခဏလေးပဲ ခံစားခဲ့ပါတယ်။ အရမ်းကောင်းတဲ့ ညတစ်ညပါပဲ။ ကလပ်ပတ်ဝန်းကျင်မှာ မိသားစုဝင်တွေ၊ ပျော်ရွှင်နေတဲ့ မျက်နှာတွေ အများကြီး ရှိခဲ့ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။ ဒါက ကောင်းမွန်တဲ့ အခိုက်အတန့်ပါ၊ ဒါပေမယ့် ချက်ချင်းပဲ အာရုံကို ပြန်စုစည်းပြီး ပရီးမီးယားလိဂ်က အစ်ဆွစ်ချ်နဲ့ ပွဲကို ပြင်ဆင်ရပါမယ်။”

Photo Credit : Goal

“ကျွန်တော်တို့ ဘယ်လို အခြေအနေမျိုးမှာမဆို၊ ဘယ်လို ပြိုင်ဘက်မျိုးကိုမဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို ရီးရဲလ်နဲ့ပွဲမှာ ပြသခဲ့ပါတယ်။ အခု နောက်တစ်ဆင့်ကတော့ ခြေစွမ်းတည်ငြိမ်မှု ရှိဖို့ပါပဲ။ ပြိုင်ဘက်အသင်းက အခု ဘယ်လို အခြေအနေမျိုးမှာ ရှိနေလဲ ဆိုတာနဲ့ အိမ်ကွင်းမှာ ကစားရမယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်” လို့ အာတီတာက ဆိုပါတယ်။

“ကျွန်တော်တို့ အတွက်လည်း ဒီပွဲက အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတွေ ပြန်အနိုင်ရဖို့ လိုအပ်နေပါပြီ။ အနည်းဆုံးတော့ လက်ရှိ အဆင့်နေရာကို ဆက်ထိန်းထားနိုင်ဖို့နဲ့ နောက်ဆုံးပွဲစဉ်တွေအထိ မျှော်လင့်ချက် အပြည့်နဲ့ ဆက်သွားနိုင်ဖို့ပါ။ သူတို့က တကယ်ကို ကောင်းကောင်း စုဖွဲ့ထားတဲ့ အသင်းပါ။ ကီရန် မက်ကင်နာ (Kနဲ့ နည်းပြအဖွဲ့သားတွေ လုပ်ဆောင်ထားတာက ချီးကျူးစရာပါ။ ပြိုင်ဘက်တွေကို အပတ်တိုင်း ဘယ်လောက် အခက်တွေ့အောင် လုပ်နိုင်လဲဆိုတာ မြင်တွေ့နေရပါတယ်။ ဒါကြောင့် ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်” လို့ အာတီတာက ပြောဆိုလိုက်ပါတယ်။