အာဆင်နယ်အသင်း နည်းပြ မီခေးလ် အာတီတာက သူ့ရဲ့ ကစားသမားတွေကို လာမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ရေးအတွက် သူတို့ရဲ့ ဘဝတွေကို ပေးဆပ်ကစားကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ မနက်ဖြန်မှာ ပီအက်စ်ဂျီအသင်းနဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်ကို ရင်ဆိုင်ကစားဖို့ ပြင်ဆင်နေပါတယ်။

အာတီတာရဲ့ အာဆင်နယ်အသင်းဟာ မနက်ဖြန်မှာပဲ ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်း ပက်ခ် ဒက်စ် ပရင့်စ် (Parc des Princes) ကွင်းကို သွားရောက်ရမှာဖြစ်ပြီး သူတို့ရဲ့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ကြုံတွေ့ခဲ့ရတဲ့ ပထမအကျော့ ရှုံးနိမ့်မှု ၀-၁ ရလဒ်ကို ပြန်လည် ချေဖြတ်နိုင်ဖို့ ကြိုးပမ်းရတော့မှာပဲ ဖြစ်ပါတယ်။ ဒီပွဲစဉ်အတွက် ဂန်းနားတို့မှာ အဓိက ကွင်းလယ်လူ သောမတ်စ် ပါတေး ပြန်လည် ပါဝင်လာနိုင်တော့မှာ ဖြစ်ပေမယ့် အသင်းရဲ့ အဓိက ပွဲထွက်ကစားသမားတွေဖြစ်တဲ့ ဂါဘရီရယ် ဟာဗက်ဇ်နဲ့ ဂျော်ဂျင်ညို တို့ အပါအဝင် အခြား ကစားသမားအချို့လည်း လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဒီလို အခက်အခဲတွေ ရှိနေပေမယ့် နည်းပြ အာတီတာကတော့ အကောင်းမြင်စိတ် ရှိနေဆဲ ဖြစ်ပါတယ်။

Photo Credit : Goal

အာဆင်နယ်နည်းပြ အာတီတာ သူ့အသင်းရဲ့ အရည်အသွေးပိုင်းကို ယုံကြည်စိတ်ချမှု အပြည့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်လိုတယ်ဆိုရင်တော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ ဘဝတွေကို ပေးဆပ် ကစားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီးကလပ် အာဆင်နယ်ဟာ ဥရောပရဲ့ အမြင့်ဆုံး ကလပ်အဆင့် ပြိုင်ပွဲဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို ဘယ်တုန်းကမှ ဆွတ်ခူးနိုင်ခြင်း မရှိသေးပါဘူး။

အာတီတာက”စိတ်လှုပ်ရှားမှုတွေ ကြက်သီးထမှုတွေ ပွဲကစားမယ့်နေ့ကို အမြန်ဆုံး ရောက်ချင်နေတဲ့ စိတ်တွေ အရမ်းကို ပြင်ဆင်ထားတယ် အရမ်းကို ယုံကြည်မှုရှိတယ် ဆိုတဲ့ ခံစားချက်တွေနဲ့အတူ ဒါဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ကစားရမယ့် အခွင့်အရေးတစ်ခု ဆိုတာကို သိမြင်နေခြင်းပါပဲ။ အဲ့ဒီလို အခွင့်အရေးမျိုး အဲ့ဒီအဆင့်အတန်းမျိုးကို ရောက်သွားပြီဆိုရင်တော့ မင်း အဲ့ဒီအတွက် မင်းရဲ့ ဘဝကို ပေးဆပ်ရလိမ့်မယ်။”

Photo Credit : Goal

“ကျွန်တော်တို့ ပထမအကျော့တုန်းက ကစားသမား ဥမင်လိုဏ်ခေါင်းထဲ ဖြတ်လျှောက်သွားတဲ့အချိန်မှာ အသင်းမှာ တိုမီယာဆု မပါဘူး။ ကာလာဖီယိုရီ မပါဘူး။ ဂါဘရီရယ် မပါဘူး။ ကိုင် ဟာဗက်ဇ် မပါဘူး။ ဂါဘရီရယ် ဂျေဇူး မပါဘူး။ သောမတ်စ် ပါတေး မပါဘူး။ ဂျော်ဂျင်ညို မပါဘူး ဆိုတာတွေကို တွေ့ခဲ့ရတယ်။ ပွဲထွက်ကစားသမား အဓိကတွေချည်းပဲ လွဲချော်နေခဲ့တာ။”

“အဲ့ဒီလို အခြေအနေမျိုးမှာတောင် ကျွန်တော့်အသင်းက အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့တာကို မြင်တွေ့လိုက်ရတော့ ကျွန်တော် ကြက်သီးတွေတောင် ထတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အရည်အချင်းကောင်းတွေ အများကြီး ရှိနေပြီး အဲ့ဒီနေ့ ပထမအကျော့က ပွဲရလဒ်က ကျွန်တော်တို့ဘက်မှာ မရှိခဲ့တဲ့ အရမ်း အရမ်း အရမ်းကို သေးငယ်လွန်းတဲ့ ကွာခြားချက်လေးတွေကြောင့်ပဲ ဖြစ်ခဲ့ရတာပါ။ ဒါကြောင့်ပဲ ကျွန်တော် ဒီဒုတိယအကျော့အတွက် အရမ်းကို အကောင်းမြင်စိတ် ရှိနေတာပါ။” လို့ ESPN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။