အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက လာမယ့်ရာသီသစ်ဟာ သူမြင်တွေ့သမျှထဲမှာ အခက်ခဲဆုံး ဖလားလုပွဲဖြစ်လာမှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဆိုင်မှုကလည်း “အရင်က ကျွန်တော်တို့ မမြင်တွေ့ခဲ့ဖူးတဲ့ ပုံစံမျိုး” ဖြစ်နေပြီလို့ သတိပေးပြောကြားလိုက်ပါတယ်။
မြောက်လန်ဒန်ကလပ်မှာ ပဉ္စမမြောက်ရာသီအပြည့်ကို ဖြတ်သန်းတော့မယ့် စပိန်နည်းပြဟာ အာဆင်နယ်အသင်းရဲ့ (၂၂)နှစ်ကြာ ဖလားမရရှိသေးတဲ့ စောင့်ဆိုင်းမှုကို အဆုံးသတ်နိုင်ဖို့ ရည်မှန်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက်မှာတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းကိုယ်တိုင်ကလည်း ဒီနွေရာသီမှာ ကစားသမားသစ် (၆)ဦးအတွက် ပေါင် သန်း(၂၀၀)အထိ သုံးစွဲပြီး အင်အားဖြည့်တင်းခဲ့ပေမယ့် ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့က ပေါင် သန်း(၂၅၀)ကျော်၊ မန်ချက်စတာ စီးတီးကလည်း ပေါင် သန်း(၁၅၀)အထိ သုံးစွဲပြီး လူအင်အားတောင့်တင်းအောင် ပြင်ဆင်ထားကြပါတယ်။
Photo Credit : Sky Sports
Sky Sports News နဲ့ တွေ့ဆုံရာမှာ အာတီတာက “လိဂ်ရဲ့ ပြိုင်ဆိုင်မှုက အခုချိန်မှာ အရင်က ကျွန်တော်တို့ မမြင်တွေ့ခဲ့ဖူးတဲ့ ပုံစံမျိုး ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်ဖလားကို ရဖို့ဆိုရင် အမှားအယွင်းမရှိ အကောင်းဆုံးဖြစ်နေဖို့ လိုအပ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး သိပါတယ်။ လိုအပ်မယ့် အဆင့်အတန်းက ကျွန်တော်တို့ အရင်က မကြုံဖူးသေးတဲ့ အရာမျိုး ဖြစ်လာမှာပါ။ နည်းပြတွေရဲ့ အရည်အသွေး နှစ်ပေါင်းများစွာ အတူတည်ဆောက်ထားတဲ့ အသင်းတွေရဲ့ တည်ငြိမ်မှု သူတို့ရဲ့အင်အားဖြည့်တင်းမှုတွေနဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေကို ကြည့်ရင် ဒါဟာ အခက်ခဲဆုံးရာသီ ဖြစ်လာမှာ သေချာပါတယ်” လို့ သုံးသပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သုံးနှစ်ဆက်တိုက် ဖလားလုပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ စိတ်ပျက်မှုတွေကို အားအဖြစ်အသုံးချရမယ်လို့ အာတီတာက ဆိုပါတယ်။ “ကျွန်တော်တို့ အမှတ်တွေ ပိုလိုအပ်တာ ရှင်းပါတယ်။ ပြီးခဲ့တဲ့ သုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ တခြားအသင်းတွေထက် ကျွန်တော်တို့ အမှတ်အများဆုံး စုထားနိုင်ခဲ့ပေမယ့် ချန်ပီယံမဖြစ်ခဲ့ပါဘူး။ ဒါက ကျွန်တော်တို့ မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့တာတွေ အများကြီးရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အဲ့ဒီလို လွဲချော်ခဲ့တဲ့ အမှတ်အနည်းငယ်ကို ရအောင်ယူပြီး ပိုကောင်းအောင် ကြိုးစားသွားရမှာပါ။” လို့ သူက ပြောပါတယ်။
Photo Credit : Sky Sports
အာဆင်နယ်အသင်းဟာ စပို့တင်း လစ္စဘွန်းကနေ ပေါင် ၆၃.၅ သန်းနဲ့ ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကယ်ရက်စ်ကြောင့် တိုက်စစ်ပိုင်းမှာ အားတက်စရာဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ရာသီက ပေါ်တူဂီကလပ်အတွက် လိဂ်ဂိုး (၃၉)ဂိုးအထိ သွင်းယူခဲ့တဲ့ ဆွီဒင်တိုက်စစ်မှူးကို ဂန္ထဝင်ကစားသမား သီယာရီ အွန်နရီရဲ့ နံပါတ် (၁၄) ဂျာစီကို တခမ်းတနား ပေးအပ်ခဲ့ပါတယ်။ ယိုကယ်ရက်စ်အပေါ် အာတီတာက “သူ့ရဲ့ ဂိုးသွင်းမှတ်တမ်းကို ကြည့်လိုက်ရင် ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ဒီလောက်များတဲ့ ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားမျိုး ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး။ ဂိုးဧရိယာထဲမှာ ဘောလုံးကိုရယူပြီး ကွန်မျက်နှာကြက်ထဲ ထည့်သွင်းနိုင်တဲ့ သူ့ရဲ့ killer instinct အရည်အချင်းနဲ့ ပင်ကိုယ်အသိစိတ်က အရမ်းကို အထူးသီးသန့်ပါပဲ။”
“သူယူဆောင်လာမယ့် ခြိမ်းခြောက်နိုင်စွမ်းနဲ့ ပြိုင်ဘက်အသင်းကို ကြောက်ရွံ့စေနိုင်မှုက သူ့ပတ်ဝန်းကျင်က ကစားသမားတွေကိုပါ အကျိုးဖြစ်ထွန်းစေမှာပါ။ သူက ကျွန်တော်တို့ကို တိုက်စစ်ဆင်ပုံအသစ်တွေနဲ့ ပြိုင်ဘက်ကို ခြိမ်းခြောက်နိုင်မယ့် စွမ်းဆောင်မှုတွေ ပေးနိုင်ပါတယ်” လို့ ချီးကျူးခဲ့ပါတယ်။ ယိုကယ်ရက်စ်နဲ့ ကိုင်းဟားဗက်ဇ်တို့ တိုက်စစ်မှာ အတူတွဲကစားနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ “သူတို့ အတူတူ ကစားနိုင်ပါတယ်” လို့ အာတီတာက အတည်ပြုခဲ့ပါတယ်။ “ကိုင်းရဲ့ အကြီးမားဆုံး အရည်အသွေးတစ်ခုက နေရာစုံမှာ ကစားနိုင်တာပါပဲ။ အခုဆို ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ ပိုများလာပါပြီ” လို့ သူက ဆိုပါတယ်။