မနေ့ညက အာဆင်နယ်အသင်းနဲ့ ရီးယဲလ် မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကောျ့ပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ရီးယဲလ်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက သူတို့ရဲ့ သမိုင်းကို သူတို့ ကိုယ်တိုင်ရေးဖို့ အသင့်ဖြစ်နေပြီလို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ (၁၅)ကြိမ်အထိတောင် ချန်ပီယံ ဖြစ်ထားသလို လက်ရှိချန်ပီယံလည်းဖြစ်တဲ့ ရီးယဲလ်လို အသင်းမျိုးကို ဒက်ကလန် ရိုက်စ်ရဲ့ ဖရီးကစ်ဂိုး (၂)ဂိုးအပြင် တိုက်စစ်မှူးနေရာ ဝင်ကစားတဲ့ မော်ရီနိုရဲ့ ဂိုးတွေနဲ့ (၃)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ် တက်လှမ်းဖို့ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။

Photo Credit : Reuters

အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ မတက်လှမ်းနိုင်ခဲ့တာဟာ (၁၆)နှစ်အထိတောင် ကြာမြင့်နေပြီ ဖြစ်ပေမယ့် အခုအခြေအနေမှာတော့ ဆီမီးဖိုင်နယ်ဆီ ရောက်ရှိနိုင်ဖို့က (၈၀)%လောက် သေချာနေပြီလို့ ဆိုနိုင်ပါတယ်။ အသင်းရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြ အာတီတာက “ဒီအသင်းနဲ့ ၂၀ နှစ်လုံးလုံး မကစားခဲ့ရသလို ဒီပြိုင်ပွဲမှာ သေချာတဲ့ အောင်မြင်မှု မရခဲ့တဲ့အခါ မင်းရဲ့ သမိုင်းကို ကိုယ်တိုင်ရေးဖို့ ပြင်ဆင်ထားရမယ်”

“ဒီလိုညတွေမှာ မင်းရဲ့ သမိုင်းကို ရေးနိုင်တယ်။ ဒါဟာ ကျွန်တော်တို့ ကစားသမားတွေရဲ့ စုပေါင်းစွမ်းရည်နဲ့ တစ်ဦးချင်း အရည်အချင်းကနေ ထွက်လာတာ။ အခု ကျွန်တော်တို့မှာ ပေးစရာ အများကြီး ကျန်သေးတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အာတီတာက ဒီပွဲဟာ နှစ်ကျော့ကစားရမှာဖြစ်လို့ ပထမပိုင်းရလဒ်ပဲ ဖြစ်တယ်ဆိုပြီး ကစားသမားတွေရော၊ ပရိသတ်တွေကိုပါ ထပ်ခါတလဲလဲ သတိပေးခဲ့တယ်။

Photo Credit : Sky Sports

“ဒီနိုင်ပွဲကို ပျော်ရမှာပါ၊ ဒါပေမယ့် အခု ပထမပိုင်းပဲ ပြီးသေးတယ်။ မက်ဒရစ်မှာ ပိုကောင်းအောင် လုပ်ရမယ်။ ကျွန်တော် ဒီလိုဖြစ်နိုင်တယ်လို့ ယုံကြည်ခဲ့တယ်။ ပွဲမတိုင်ခင် ကျွန်တော်တို့ သူတို့ကို ဒုက္ခပေးနိုင်မယ်လို့ ခံစားရတယ်။ ဒါပေမယ့် အဲဒါကို ဖြစ်အောင် လုပ်ရမယ်။ ဒီလို စိတ်ထားနဲ့ ယုံကြည်ချက်ရှိရင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ လုပ်ပြခဲ့ပြီး၊ ဒါပေမယ့် ဒါက ပထမပိုင်းပဲ။” လို့ အာတီတာက သတိပေးလိုက်ပါတယ်။

အာတီတာက အသင်းရဲ့ စုပေါင်းစွမ်းဆောင်ရည်နဲ့ မှော်ဆန်တဲ့ အခိုက်အတန့်တွေက ဒီညရဲ့ အဓိက ကွာခြားချက်ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပြီး ဒက်ကလန် ရိုက်စ်ရဲ့ ဖရီးကစ်ကနေ ဂိုး(၂)ဂိုး သွင်းခဲ့တာကို အထူးမီးမောင်းထိုးပြခဲ့တယ်။ ဒါဟာ ရိုက်စ်ရဲ့ ပထမဆုံး ဖရီးကစ်ဂိုးတွေဖြစ်ပြီး ဒီစွမ်းရည်ကို သူ အချိန်အကြာကြီး လေ့ကျင့်ခဲ့တာလို့ ဖွင့်ဟခဲ့တယ်။