အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ဒီရာသီ အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်မယ်လို့ စိတ်ကူးယဉ်ခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒါ့အပြင် လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကို အင်အားဖြည့်ဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပြီး ဒါဟာ အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ နွေရာသီ ဖြစ်လာမယ်လို့ ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီတနင်္ဂနွေမှာ နယူးကာဆယ်နဲ့ အိမ်ကွင်းနောက်ဆုံးပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး လက်ရှိ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်နဲ့ ရမှတ်(၁၅)မှတ်အကွာမှာ ရှိနေပြီး တကယ်လို့ ဒီပွဲမှာသာ ရှုံးသွားခဲ့မယ်ဆိုရင်ရင် ဒုတိယနေရာကိုတောင် နယူးကာဆယ်က လုယူသွားနိုင်ပါတယ်။
Photo Credit : Sky Sports
ဒါဟာ အာတီတာ ရာသီအစမှာ စိတ်ကူးထားခဲ့တဲ့ အခြေအနေနဲ့ လုံးဝကွဲပြားနေပါတယ်။ သူက Sky Sports News နဲ့ အင်တာဗျူးမှာ အခုလို ပြောပါတယ်။ “ရာသီအစမှာ ကျွန်တော် စိတ်ကူးကြည့်ရင် အိမ်ကွင်းနောက်ဆုံးပွဲမှာ ပရီးမီးယားလိဂ်ဖလားကို ကျွန်တော်တို့ အသင်းက ဆွတ်ခူးနိုင်မယ်လို့ မြင်ခဲ့တယ်။ ဒါက ကျွန်တော်စိတ်ထဲမှာ ရှိခဲ့တာပါ။”
“ဒါပေမယ့် ပြီးခဲ့တဲ့ (၁၁)လအတွင်း ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတဲ့ အရာအားလုံးနဲ့အတူ ကျွန်တော်တို့ အားလုံး ခေါင်းမော့နိုင်ပေမယ့် ရင်ထဲမှာ နာကျင်မှုတစ်ခု ရှိနေတုန်းပါပဲ။ ဘာလို့ဆို ဒါက ကျွန်တော်တို့ ရယူချင်တဲ့ အောင်မြင်မှုပဲ။” အာဆင်နယ်ဟာ အခု ရာသီ (၅)ရာသီ ဆက်တိုက် ဖလားတစ်လုံးမှ မရယူနိုင်ခဲ့ပါဘူး။ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်မှာ ထွက်ခဲ့ရသလို အက်ဖ်အေဖလားမှာလည်း တတိယအဆင့်မှာ မန်ယူနိုက်တက်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ရပါတယ်။
Photo Credit : Sky Sports
ဒီရာသီ ရည်မှန်းချက်တွေ မအောင်မြင်ခဲ့တဲ့ အကြောင်းအရင်းကို မေးတဲ့အခါ အာတီတာက ရှင်းရှင်းလင်းလင်း ဖြေပါတယ်။ “အနီကတ်တွေနဲ့ ဒဏ်ရာတွေပါ၊ ဒါက သေချာပါတယ်။” အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ ဒဏ်ရာရ ကစားသမား အရေအတွက် အများဆုံး ခံစားခဲ့ရပြီး အနီကတ် (၆)ကြိမ်နဲ့လည်း ထိပ်ဆုံးမှာ ရှိနေပါတယ်။
“ဒါတွေ မရှိခဲ့ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိပေမယ့်၊ ပိုနီးကပ်နိုင်ခဲ့မလား။ ကျွန်တော်အတွက်ကတော့ မေးခွန်းထုတ်စရာတောင် မလိုဘဲ ဟုတ်တယုလို့ပဲ ဖြေမယ်။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပွဲထွက်ပုံတွေက အဲဒါကို ပြသနေလို့ပါ။ ဒါပေမယ့် နောက်ရာသီမှာ ကျွန်တော်တို့ တစ်ခုခု ထပ်လုပ်ရမယ်။ ဘာလို့ဆို ပြိုင်ဆိုင်မှုအဆင့်က ပိုမြင့်လာမှာမို့ပါ။ ပြီးခဲ့တဲ့ (၃)ရာသီ ကျွန်တော်တို့ရခဲ့တဲ့ ရမှတ်တွေကို ကြည့်ရင် ဒီလောက်တည်ငြိမ်တဲ့ စွမ်းဆောင်ရည်နဲ့ ဖလားမရတာ တော်တော်ရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အောင်မြင်ဖို့ အရမ်းနီးကပ်နေပြီး ဆက်လက်တိုးတက်ဖို့ပဲ လိုတာပါ။” ဒီရာသီမှာ အာဆင်နယ်ကို ထိခိုက်စေခဲ့တဲ့ ကိန်းဂဏန်းတွေအကြောင်း ထပ်မေးတဲ့အခါ အာတီတာက “ကစားသမားတွေရဲ့ ပွဲထွက်နိုင်မှုပါ။ ဒါမရှိရင် ဘာမှ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။” လို့ ဆိုပါတယ်။