ဒီနေ့ညမှာ အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် အာဆင်နယ်နည်းပြ မီခယ် အာတီတာက ပြိုင်ဘက်အဖြစ် ရင်ဆိုင်သွားရမယ့် ချယ်လ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ သူ့ကြားက ဆက်ဆံရေးကောင်းတွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

အာတီတာနဲ့ ပိုချက်တီနိုတို့ဟာ ဘောလုံးနည်းပြတွေ မကျင်လည်ခင် ကစားသမားဘဝကို ဖြတ်သန်းနေတုန်းက ပီအက်စ်ဂျီသင်းမှာ အသင်းဖော်တွေအဖြစ် ပါဝင်ကစားခဲ့ကြဖူးသူတွေလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာတီတာရော ပိုချက်တီနိုရောက နည်းပြတွေအဖြစ် ဘောလုံးလောကကို ဆက်လက် ဖြတ်သန်းလျက် ရှိနေကြပါတယ်။

Photo Credit : The Times

ဒီရာသီထဲ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးနဲ့ အာတီတာရဲ့ အာဆင်နယ်တို့ တွေ့ဆုံခဲ့စဉ်တုန်းက (၂)ဂိုးစီ သရေကျထားခဲ့ပြီး အခု အိမရိတ်ဒ်စ်မှာ ပြန်လည် ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ဘယ်လိုရလဒ်မျိုး ထွက်ပေါ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ အခုပွဲစဉ်နဲ့ စပ်လျဉ်းပြီး ပိုချက်တီနိုနဲ့ သူနဲ့ကြားက ဆက်ဆံရေးအကြောင်းတွေကို အာတီတာက “ကျွန်တော် ပဲရစ်ကို ရောက်တုန်းက အသက် တအားငယ်ပါသေးတယ်။”

“အဲ့ဒီတုန်းက ကျွန်တော့်အသက်က (၁၇) (၁၈)နှစ်လောက် ရှိနေသေးပြီးတော့ ပရော်ဖက်ရှင်နယ် ဘောလုံးနဲ့လည်း အကျွမ်းတဝင် မဖြစ်သေးပါဘူး။ သူကတော့ ကျွန်တော်က အတွေ့အကြုံနုသေးတယ်လို့ ပြောတာကို မကြိုက်သလို သူက ကျွန်တော့်ကိုလည်း ဖခင်တစ်ယောက်လို ဆက်ဆံပေးခဲ့တယ်။”

Photo Credit : Goal

“ကျွန်တော့်ကို ကာကွယ်ပေးခဲ့တယ်။ မယုံနိုင်လောက်စရာ အကြံညဏ်ကောင်းတွေ ပေးခဲ့တယ်။ ကျွန်တော့်ကို စိတ်အားထက်သန်လာအောင်လည်း လုပ်ဆောင်ပေးတယ်။ သူနဲ့ အတူ တွဲဖက်ကစားခဲ့ရတဲ့ (၂)နှစ်တာလုံးမှာ ကျွန်တော် သူ့ဆီကနေ အကောင်းဆုံးတွေ သင်ယူခဲ့ရတယ်။”

“သူရဲ့ ကစားသမားဘဝနဲ့ နည်းပြဘဝတစ်လျှောက်လုံး သူလုပ်ဆောင်ခဲ့တာတွေကို ကျွန်တော် လေးစားမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ရဲ့ ကစားသမားဘဝ နည်းပြဘဝမှာပါ သူရဲ့ လွှမ်းမိုးမှုတွေက များပြားခဲ့တာကြောင့်ပါ။ ကျွန်တော် ပိုချက်တီနိုဆီကနေ အရေးကြီးတဲ့ အချက်အလက်တွေကို အကောင်းဆုံး သင်ယူနိုင်ခဲ့ရပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။