အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက လာမယ့် ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးချန်ပီယံဆုဖလားကို ဆွတ်ခူးနိုင်ဖို့ လိုအပ်တဲ့ အရည်အချင်းမှန်သမျှ ပိုင်ဆိုင်ထားတဲ့ အသင်းအရေအတွက်က (၉)သင်းအထိ ရှိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။
ဂန်းနားတို့ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ကစားသမားသစ် (၄)ဦးအတွက် ပေါင်သန်း(၁၂၀)အထိ သုံးစွဲထားပြီးဖြစ်ကာ စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကယ်ရက်စ်ကိုလည်း ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ တစ်လပင်မလိုတော့တဲ့အချိန်မှာ အာတီတာက ပြီးခဲ့တဲ့ရာသီ (၃)ကြိမ်ဆက်တိုက် ချန်ပီယံဆုနဲ့ သီသီလေးလွဲချော်ခဲ့ပြီးနောက် ဒီတစ်ကြိမ်မှာတော့ ဖလားရယူနိုင်ဖို့ ယုံကြည်မှုအပြည့်ရှိနေပုံရပါတယ်။
Photo Credit : ESPN
ဒါပေမဲ့ စပိန်လူမျိုးနည်းပြကြီးက သတိကြီးကြီးနဲ့ပဲ လာမယ့်ရာသီမှာ အင်္ဂလိပ်အသင်းပေါင်း (၉)သင်းလောက်အထိ ချန်ပီယံသရဖူအတွက် အပြိုင်လုရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်မယ့် ပရီးမီးယားလိဂ်အတွက် အသက်(၄၃)နှစ်အရွယ် အာတီတာက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။”နှစ်တိုင်းနှစ်တိုင်း အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဒါပေမဲ့ ကျွန်တော့်အသင်းမှာ ရင့်ကျက်မှု၊ အတွေ့အကြုံ လူငယ်စွမ်းအား အောင်မြင်လိုစိတ်စတဲ့ လိုအပ်တဲ့ အရည်အချင်းတွေအားလုံး ဟန်ချက်ညီညီ ရှိနေတာကို မြင်တွေ့ရပါတယ်။”
“ဒါပေမဲ့ ပြဿနာက လိဂ်ထဲမှာ ချန်ပီယံဖြစ်ဖို့ အရည်အချင်းရှိတဲ့ တခြားအသင်း (၆)သင်း (၇)သင်း (၈)သင်းလောက် ရှိနေပြီး အနိုင်ရမယ့်သူက တစ်သင်းတည်းပဲ ရှိမှာပါ။ ဒါကြောင့် ရာသီကုန်မှာ ကျွန်တော်တို့လိုချင်တာကို ရဖို့အတွက် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေ ကိုယ်လုပ်နိုင်တဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ရပါမယ်။”
Photo Credit : ESPN
ဒီနှစ်မှာ အာဆင်နယ်အသင်း ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်မယ်လို့ ယုံကြည်သလားလို့ မေးမြန်းရာမှာတော့ အာတီတာက “ဟုတ်ကဲ့ ကျွန်တော်ယုံကြည်ပါတယ်။ နှစ်တိုင်း ပိုပိုပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာပါတယ်။ အဆင့်အတန်းကလည်း မြင့်တက်လာတယ်။ ဒါကို ကျွန်တော်တို့ သိထားတဲ့အတွက် ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကလည်း မြင့်တက်လာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အပြောင်းအရွှေ့ဈေးကွက်မှာ တော်တော်လေး လှုပ်ရှားခဲ့ပါတယ်။”
“အဲ့ဒီနောက်မှာ အဓိက ရည်မှန်းချက်ကြီးတစ်ခုကတော့ ကျွန်တော်တို့ဆီမှာ ရှိပြီးသား ကစားသမားတွေကို ပိုကောင်းအောင် တိုးတက်စေဖို့ပါပဲ။ ပြီးတော့ ရာသီကြိုကာလမှာ မှန်ကန်တဲ့ အခြေခံအုတ်မြစ်တွေ မူဝါဒတွေကို ချမှတ်ပြီး အသင်းကို အကောင်းဆုံးပုံစံနဲ့ ရာသီစတင်နိုင်ဖို့ အသင့်ဖြစ်အောင် ပြင်ဆင်ရပါမယ်။ ပြီးခဲ့တဲ့ရာသီကုန်မှာရော ရာသီကြိုကာလအတွက် ပြန်လာတဲ့ ပထမဆုံးနေ့မှာပါ ကစားသမားတွေ ပြောနေကြတဲ့ တစ်ခုတည်းသောအရာက ‘ကောင်းပြီ၊ ငါတို့ ဘယ်လို ပိုကောင်းအောင် လုပ်ကြမလဲ။ ဘယ်လို ထပ်ပြီး ကြိုးစားကြမလဲ။’ ဆိုတာပါပဲ။ ပြိုင်ပွဲကြီးနှစ်ခုမှာ ကျွန်တော်တို့ အောင်မြင်မှုနဲ့ အရမ်းနီးစပ်ခဲ့တယ်ဆိုတာ သိထားပြီး နောက်တစ်ဆင့်ကို တက်လှမ်းချင်နေကြပါပြီ။ အသေးစိတ်အချက်အလက်တွေနဲ့ အခိုက်အတန့်များစွာက ကျွန်တော်တို့ဘက်မှာ ရှိနေဖို့ လိုအပ်ပြီး အဲ့ဒီလိုဖြစ်လာအောင် ကျွန်တော်တို့ တွန်းအားပေးသွားရမှာပါ” လို့ အာတီတာက ဆိုပါတယ်။