အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက သူ့အသင်းဟာ ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပြီး အထူးသဖြင့် ရီးရဲလ် မက်ဒရစ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်လိုမျိုးတွေက လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖွယ်ရှိတဲ့ ကစားသမားတွေအတွက် ပိုပြီး ဆွဲဆောင်မှုရှိစေနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီအတွက် စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဗစ်တာ ဂျိုကဲရက်စ် လိုက်ပ်ဇစ် ရှေ့တန်းကစားသမား ဘင်ဂျမင် ဆက်ကိုနဲ့ ဘီလ်ဘာအို တောင်ပံကစားသမား နီကို ဝီလီယံစ်တို့လို ကစားသမားတွေကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်ကို ချန်ပီယံလိဂ်မှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေအပြီးမှာတော့ အာတီတာက အသင်းရဲ့ ပစ်မှတ် ကစားသမားတွေဟာ ဒီလို အောင်မြင်တဲ့ ညမျိုးတွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်လာကြလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
Photo Credit : The Sun
သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အာတီတာက “ဒီချန်ပီယံလိဂ် အောင်မြင်မှုက နောက်ထပ် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကံကောင်းတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကလပ်အသင်းဟာ ကစားသမားတွေနဲ့ စကားပြောတိုင်း သူတို့က ကျွန်တော်တို့ ကလပ်ရဲ့ အစိတ်အပိုင်း ဖြစ်ချင်ကြလို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
အာတီတာက ဆက်လက်ပြီး “ချန်ပီယံလိဂ် ညများက ကစားသမားတွေအတွက် ပိုပြီး စိတ်အားထက်သန်မှု ဒါမှမဟုတ် ယုံကြည်မှုကို ဖြစ်ပေါ်စေနိုင်တဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလပ်အသင်းက နေရာကောင်းတစ်ခုမှာ ရှိနေတဲ့အတွက် ‘ငါ ဒီလိုညတွေရဲ့ အစိတ်အပိုင်း ဖြစ်ချင်တယ်’ ဆိုတဲ့ အချက်မျိုးပေါ့။ ခြုံပြောရရင်တော့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ ကျွန်တော်တို့ အားကောင်းပါတယ်၊ ပြီးတော့ ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်ပါတယ်” လို့ ယုံကြည်မှုအပြည့်နဲ့ ဆိုခဲ့ပါတယ်။
Photo Credit : Goal
အာဆင်နယ်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပေမယ့်၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ ကြိုးပမ်းမှုမှာတော့ လက်လွတ်ရတော့မယ့် အနေအထားမှာ ရှိနေပါတယ်။ ဂန်းနားတို့ဟာ ထိပ်တန်း ကစားသမားကောင်း တစ်နှစ်ယောက်လောက် ထပ်မံ အားဖြည့်နိုင်ခဲ့ရင် ဘောလုံးလောကမှာ လွှမ်းမိုးနိုင်တဲ့ အင်အားစုတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ တကယ်လို့ သူတို့သာ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့မယ်ဆိုရင် အရင်ကထက် ပိုပြီး အရည်အသွေးမြင့်တဲ့ ကစားသမားတွေကို ဆွဲဆောင်နိုင်လာဖွယ် ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်မှာ ပီအက်စ်ဂျီအသင်းနဲ့ မရင်ဆိုင်ခင် လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ခြေက အစ်ဆွစ်ချ် တောင်းအသင်းကို အဝေးကွင်း သွားရောက် ရင်ဆိုင်ကစားရမှာပဲ ဖြစ်ပါတယ်။