အာဆင်နယ်အသင်းရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်သို့ ရောက်ရှိရုံမျှနဲ့ မပြီးဆုံးကြောင်း အသသင်းနည်းပြ မီခေးလ် အာတီတာက ပြောကြားလိုက်ပါတယ်။ အာတီတာဟာ အင်္ဂါနေ့မှာ ကစားမယ့် ပီအက်စ်ဂျီအသင်းနဲ့ ပထမအကျော့ပွဲစဉ် မတိုင်မီ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးယဲလ် မက်ဒရစ်အသင်းကို နှစ်ကျော့ပေါင်း ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ပေါင်းများစွာ အလှမ်းဝေးနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ ပြန်လည် တက်လှမ်းခွင့် ရခဲ့ပေမယ့် ဒါပ ကျေနပ်နေလို့ မရဘဲ ရှေ့ဆက်သွားရဖို့ လိုတယ်လို့ အာတီအာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

“ကျွန်တော်တို့ ဒီရာသီမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးကို ကျော်လွှားခဲ့ရပါတယ်။ အသင်းက ဥရောပရဲ့ အကောင်းဆုံး (၄)သင်းထဲက တစ်သင်းအဖြစ် ဒီနေရာမှာ ရှိနေတယ်ဆိုတဲ့ အချက်က ကျွန်တော်တို့ရဲ့ စိတ်ဓာတ် စိတ်အားထက်သန်မှုနဲ့ ဘယ်လောက်တောင် လိုချင်နေသလဲဆိုတာကို အများကြီး ဖော်ပြနေပါတယ်။ ကျွန်တော်တို့ သမိုင်းသစ် ရေးထိုးနေပါတယ်။ အခုချိန်မှာ ဒါက လှပတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး လိုချင်ပါသေးတယ်။” လို့ အာတီတာက ဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီ ချန်ပီယံလိဂ် league phase အဆင့်မှာပဲ ပီအက်စ်ဂျီနဲ့ ဆုံတွေ့ရင်း အနိုင်ရရှိထားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အာဆင်နယ်က ပီအက်စ်ဂျီအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံးကစားတဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ အင်တာမီလန် တစ်သင်းတည်းကိုသာ ရှုံးခဲ့ပြီး ကျန်တဲ့ပွဲတွေမှာ ရလဒ်ကောင်းခဲ့ပါတယ်။ တစ်ဖက်မှာ ပီအက်စ်ဂျီကလည်း ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ အင်္ဂလန်ကလပ်တွေနဲ့ တွေ့ဆုံခဲ့ရင်း ဒီအသင်းတွေကို ကျော်ဖြတ်ခဲ့ပေမယ့် အင်္ဂလန်မြေမှာ ကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်ပိုင်းက အားရစရာ အနေအထားမှာ မရှိဘဲ (၆)ပွဲမှာ (၅)ပွဲအထိတောင် ရှုံးနိမ့်ထားပါတယ်။

Photo Credit : TNT Sports

“ကစားသမားတွေက ကျွန်တော်တို့ လုပ်ဆောင်နေတာတွေနဲ့ တကယ်ကို တစ်သားတည်းကျနေပါတယ်။ သူတို့က ဒီပြိုင်ဘက်တွေကို ရင်ဆိုင်နိုင်ပြီး သူတို့ထက် ပိုကောင်းနိုင်တယ်လို့ ခံစားနေရပါတယ်။ ဒါက မက်ဒရစ်နဲ့ပွဲ အရင်အဆင့်တွေတုန်းက ကျွန်တော်တို့ ခံစားခဲ့ရတဲ့ ခံစားချက်မျိုးပါပဲ၊ ဒီနေ့လည်း ဒီအတိုင်း ခံစားရပါတယ်။ ကျွန်တော် သူတို့ရဲ့ မျက်လုံးတွေကို ကြည့်လိုက်တယ်။ မနက်ဖြန်ပွဲ ကစားဖို့ သူတို့ မစောင့်နိုင်တော့ဘူး၊ အဲ့ဒီလို ခံစားချက်မျိုးပါ။ ကျွန်တော်တို့ရဲ့ ကွင်းထဲက တည်ရှိမှုကို သဘောကျတယ်။ ဘယ်လို ကွင်းထဲ ထွက်သွားလဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ဟန်အမူအရာ ပြင်းထန်မှု ဘယ်လောက်တောင် တိုက်စစ်ဆန်လဲ ဆိုတာတွေကိုပေါ့။” ကျွန်တော်တို့ တကယ့် ယုံကြည်မှု စိတ်ပိုင်းဖြတ်မှုတွေနဲ့ ကစားခဲ့ပါတယ်။ ပြိုင်ဘက်ကြီးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ချက်ချင်းပဲ ပွဲကို အဲ့ဒီအခြေအနေထဲ ထည့်သွင်းဖို့ လိုအပ်ပါတယ်။” လို့လည်း အာတီတာက ထပ်လောင်း ပြောဆိုထားပါတယ်။

အာဆင်နယ်အသင်းမှာ ကွင်းလယ်လူ သောမတ်စ် ပါတေး ပွဲပယ်ခံထားရပြီး ရီကာဒို ကာလာဖီအိုရီမှာ ဒဏ်ရာရနေပေမယ့် ဘန်ဝှိုက်နဲ့ မီခေးလ် မယ်ရီနိုတို့မှာတော့ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေပါတယ်။ “သောမတ်စ်ကတော့ ကံမကောင်းစွာနဲ့ ရီးယဲလ် မက်ဒရစ်နဲ့ပွဲမှာ ပွဲပြီးခါနီးမှ အဝါကတ်ပြခံရလို့ ဒီပွဲအတွက် ဆုံးရှုံးခဲ့ရပါတယ်။ ဘန်နဲ့ မီခေးလ်တို့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ မနက်ဖြန် ပွဲထွက်နိုင်မလား ကြည့်ရအောင်။ [ကာလာဖီအိုရီ] ကတော့ ကြံ့ခိုင်မှု မပြည့်သေးပါဘူး။” လို့ အာတီတာက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။