အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံးမှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီအတွက် ဒုတိယမြောက် သွင်းဂိုး သွင်းယူခဲ့တဲ့ နောက်ခံအစွန်လူ အာခရပ်ဖ် ဟာကီမီဟာ တကယ်ဆို ကွင်းအတွင်းမှာ ရှိမနေသင့်တဲ့ ကစားသမား ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာက ပြောဆိုလာပါတယ်။

Photo Credit : The Independent

အာတီတာက ဟာကီမီဟာ ပထမအကျော့ကတည်းက ပွဲပယ်ပြစ်ဒဏ်ထိသင့်ပြီး ဒီဒုတိယအကျော့ပွဲကို လွဲချော်သင့်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ မော်ရိုကိုလက်ရွေးစင် ဟာကီမီဟာ ပထမအကျော့ပွဲစဉ်ပြီးခါနီးမှာ အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ် မာတင်နယ်လီကို ပြစ်ဒဏ်ကျူးလွန်ခဲ့ချိန်မှာ အဝါကတ်တစ်ကတ် ပြပြီးသား ဖြစ်ပေမယ့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရခြင်းကနေ ကင်းလွတ်ခဲ့ပါတယ်။

အာတီတာက “ကျွန်တော်တို့နဲ့ ပထမအကျော့ ကစားတုန်းကဆိုရင် ဟာကီမီက နောက်ဆုံး(၁၀)မိနစ်မှာ လုံးဝ ကွင်းထဲမှာ မရှိသင့်တော့ပါဘူး။ ဒါကြောင့် သူ ဒုတိယအကျော့မှာ လုံးဝကစားခွင့်မရသင့်သလို ဂိုးလည်း မသွင်းသင့်ပါဘူး။ ဒါပေမဲ့ ဘောလုံးမှာ တိုက်ဆိုင်မှုပေါင်းစုံ ဖြစ်တတ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Sports Illustrated

အာတီတာက ဒီရာသီ ဥရောပပြိုင်ပွဲတွေမှာ သူ့အသင်းရဲ့ ကစားပုံကို ကျေနပ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒါနဲ့မလုံလောက်ဘူးဆိုတာကို အသိအမှတ်ပြုခဲ့ပါတယ်။ “ဒါဟာ အနိုင်ရဖို့ ဖြစ်နိုင်ခြေရှိတာ မရှိတာနဲ့ မဆိုင်ပါဘူး။ တကယ်ဖြစ်အောင်လုပ်ပြီး အရာထင်အောင် လုပ်နိုင်ဖို့ပဲလိုတယ်။ ကျွန်တော် ပုံမှန်ပြောနေကျ အရေးအကြီးဆုံး စာရင်းဇယားကို ကြည့်လိုက်ရင် ဘောလုံးပွဲတွေအနိုင်ရဖို့ အကောင်းဆုံးအခြေအနေက ဘယ်အသင်း ပိုကောင်းလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။” လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းအတွက် နောက်ထပ် ရင်ဆိုင်ရမယ့်ပွဲကတော့ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်နဲ့ပွဲစဉ်ပဲ ဖြစ်ပြီး အန်ဖီးလ်ကွင်းမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အာတီတာရဲ့အသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက် ရရှိမှာဖြစ်ပါတယ်။ ရာသီကုန်ဆုံးဖို့ လိဂ်ပွဲစဉ်(၃)ပွဲအတွက် သူ့အသင်းကို ဘယ်လို စိတ်ဓာတ်မြှင့်တင်ပေးမလဲလို့ မေးမြန်းရာမှာတော့ အာတီတာက “ကျွန်တော်တို့ ဒီနေရာမှာပဲ ရှိနေပါတယ်။ ဆုဖလားကြီးတွေရဖို့ အရမ်းနီးစပ်ပြီးမှ လက်လွှတ်ခဲ့ရတယ်ဆိုရင် ဒါဟာ ခရီးလမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရပါမယ်။ နောက်ထပ်ပြိုင်ပွဲတစ်ခုထဲကို ချက်ချင်းဝင်ပြီး အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ရပါမယ်” လို့ ပြောကြားခဲ့ပါတယ်။