အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက စပို့တင်း လစ္စဘွန်းအသင်းကနေ ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ် ဗစ်တာ ယိုကယ်ရက်စ်အတွက် ချီးကျူးစကားများ ပြောကြားလိုက်ပါတယ်။ ယိုကယ်ရက်စ်ဟာ အာဆင်နယ်အတွက် ပထမဆုံးဂိုးကို နောက်ဆုံးရာသီကြိုခြေစမ်းပွဲမှာ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီး အာဆင်နယ်အသင်းဟာ စပိန်လာလီဂါကလပ် ဘီလ်ဘာအိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Emirates Cup ဖိတ်ခေါ်ဖလားပွဲစဉ်မှာ တိုက်စစ်မှူးသစ် ယိုကယ်ရက်စ်ရဲ့ ပထမဆုံးဂိုး အပါအဝင် ဘူကာယို ဆာကာ နဲ့ ကိုင်း ဟားဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ (၃)ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit : Sky Sports

ယိုကယ်ရက်စ်ဟာ ပွဲချိန်(၇၁)မိနစ်အထိ ပါဝင်ကစားခဲ့ပြီး သူ့လိုပဲ အာဆင်နယ် ကစားသမားသစ်ဖြစ်တဲ့ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီရဲ့ ဖြတ်တင်ဘောကနေတစ်ဆင့် အပြောင်မြောက်ဆုံး ခေါင်းတိုက်ဂိုးနဲ့ အာဆင်နယ်အတွက် သူ့ရဲ့ဂိုးစာရင်းကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ သူ့နေရာမှာ လူစားဝင်လာတဲ့ ဂျာမန်တိုက်စစ်မှူး ကိုင်းဟားဗက်ဇ်ကလည်း ပွဲချိန်(၈၂)မိနစ်မှာ အသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အာတီတာကတော့ ၂၀၂၅-၂၆ ရာသီသစ်မစတင်မီ တစ်ပတ်အလိုမှာ သူ့ရဲ့တိုက်စစ်မှူးသစ် ဂိုးပေါက်တွေ့ခဲ့တဲ့အတွက် အလွန်ပျော်ရွှင်နေပါတယ်။ အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးကို ချီးကျူးခန်းဖွင့်ရင်း စပိန်နည်းပြက အခုလိုပြောကြားခဲ့ပါတယ်။ “ဒါက သူ့ရဲ့ပင်ကိုယ်သဘာဝပါပဲ။ သူ့ရဲ့လှုပ်ရှားမှုတွေ ပြေးချိန်ကိုက်ပုံတွေ နောက်တစ်ဆင့်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း နေရာလွတ်ဘယ်မှာရှိမလဲ ဘောလုံးဘယ်ကိုကျမလဲဆိုတာကို ကြိုသိမြင်နိုင်တဲ့ ပင်ကိုယ်အသိစိတ်မျိုး သူ့မှာရှိတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရာသီတွေမှာ သူဂိုးတွေအများကြီး သွင်းနိုင်ခဲ့တာပါ။ ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး၊ သူ့ရဲ့အရည်အချင်းဖြစ်ပြီး သူအမြဲတမ်း အခွင့်အရေးကို ရှာဖွေနေတတ်တယ်။”

Photo Credit : Sky Sports

“သူက ပြိုင်ဘက်ဗဟိုနောက်ခံလူနှစ်ယောက်လုံးကို ချုပ်ထားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ သူ့ကိုသာ နေရာလွတ်မှာ တစ်ယောက်ချင်းတွေ့ဖို့ ချန်ထားခဲ့ရင် သူက ပြိုင်ဘက်ကို ဖျက်ဆီးပစ်လိမ့်မယ်။ ဒါကြောင့် သူက ကျွန်တော်တို့အတွက် နေရာလွတ်တွေ အများကြီးဖန်တီးပေးနိုင်မှာဖြစ်ပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ဂိုးသွင်းပေးနိုင်မယ့် ကစားသမားတစ်ယောက် အဲ့ဒီနေရာမှာ ရှိနေမှာပါ။” လို့ အာတီတာက ဆိုပါတယ်။

ဒါ့အပြင် အာတီတာက သူ့အသင်းရဲ့ တိုက်စစ်မှူးနှစ်ဦးလုံး ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေပြီး လာမယ့်ရာသီအတွင်းမှာ ဟားဗက်ဇ်နဲ့ ယိုကယ်ရက်စ်တို့ကို ပွဲထွက်တိုက်စစ်အတွဲအဖြစ် အတူတကွ အသုံးပြုသွားနိုင်ကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ “သူတို့နှစ်ယောက် အတူတူ တွဲကစားလို့ရပါတယ်။ ကိုင်းကလည်း နေရာစုံမှာ ကစားနိုင်တယ်။ ဒါက အသင်းရဲ့အရည်အသွေး ဂိုးသွင်းယူနိုင်စွမ်းနဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်မယ့် ရွေးချယ်စရာတွေကို မြှင့်တင်ပေးပါတယ်။ သူတို့နှစ်ယောက်လုံး ဂိုးသွင်းနိုင်တာ ခြေစွမ်းကောင်းပြနေတာကို မြင်ရတာ အရမ်းကောင်းပြီး ဒါက ရှိသင့်တဲ့ ပြဿနာကောင်းတစ်ခုပါပဲ။” လို့ စပိန်နည်းပြက ထပ်လောင်းပြောဆိုခဲ့ပါတယ်။