ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၆)မှာ ဗီလာကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ အနည်းဆုံး ပင်နယ်တီ ၁လုံး ရခဲ့သင့်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၆) အဖြစ် အဆင့်(၃)နေရာမှာ ရှိနေတဲ့ အက်စ်တွန်ဗီလာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

Photo Credit: Euro Sports

ဗီလာနဲ့ အာဆင်နယ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ အနိုင်ရရှိရေး အတွက် ကြိုးစားခဲ့ကြပြီး နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားခဲ့ခြင်း မရှိပေမယ့် အိမ်ရှင် ဗီလာက ပွဲချိန် ၇မိနစ်မှာ အသင်းခေါင်းဆောင် မက်ကင်း သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့ အဖိုးတန် အနိုင် ၃မှတ်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ အာဆင်နယ်ကလည်း ချေပဂိုး ပြန်ရမယ့် ဂိုးသွင်းခွင့် အမြောက်အမြား ဖန်တီးနိုင်ခဲ့ပေမယ့် ဗီလာဂိုးသမား မာတီနက်ဇ်က အသင်းဟောင်းနဲ့ ပြန်လည် တွေ့ဆုံချိန်မှာ သူ့ရဲ့ အကောင်းဆုံး လက်စွမ်းတွေကို ပြသသွားခဲ့သလို ဒိုင်အဖွဲ့က ဧည့်သည် အာဆင်နယ်တို့ ပင်နယ်တီ ရသင့်တဲ့ အခြေအနေတွေမှာ ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့တာတွေလည်း ရှိပါတယ်။

Photo Credit: Football 365

အထူးသဖြင့် ဗီလာကွင်းလယ်လူ ဒေါက်ဂလပ် လူးဝစ်ဇ်က ဂိုးဧရိယာထဲမှာ အာဆင်နယ် တိုက်စစ်မှူး ဂျေဇူးအပေါ် ပြစ်ဒဏ် ကျူးလွန်မိခဲ့ချိန်မှာ အာဆင်နယ်တို့ ပင်နယ်တီ ရဖို့ နီးစပ်ခဲ့ပေမယ့် VARအဖွဲ့ကတော့ လူးဝစ်ဇ်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုဟာ ပင်နယ်တီ ပေးသင့်တဲ့ အနေအထားမျိုး အထိ မပြင်းထန်ခဲ့ဘူးလို့ ယူဆခဲ့တာကြောင့် အာဆင်နယ်ကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဗီလာ ၁-၀ အာဆင်နယ် ပွဲအပြီးမှာ အာဆင်နယ်နည်းပြချုပ် အာတီတာက ဂျေဇူးရဲ့ ဖြစ်ရပ်မှာ သူတို့အသင်းဟာ ပင်နယ်တီ ရခဲ့သင့်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။ အာတီတာက – “အဲ့ဒီဖြစ်ရပ်က (လူးဝစ်ဇ်နဲ့ ဂျေဇူးရဲ့ ဖြစ်ရပ်) လုံးဝကို သိသာလွန်းတဲ့ ဖြစ်ရပ်ပါ။ (ပင်နယ်တီ ပေးသင့်မှုအား ရည်ရွယ်လျက်) သိသိသာသာကြီး ဖြစ်နေခဲ့တာပါ။ ကျွန်တော်ကတော့ ဒါပဲ ပြောနိုင်ပါတယ်။ ကျွန်တော် ဆိုလိုချင်တာကို ခင်ဗျားတို့လည်း သိကြမှာပါ။ လက်ရှိမှာတော့ ကျွန်တော်က အဲ့ဒီလောက်ပဲ ပြောလို့ ရပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။