ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ပြီးခဲ့တဲ့ ၂ပွဲဆက်တိုက် သူတို့အသင်းအတွက် သွင်းဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ဟာ လိုအပ်နေတဲ့ ယုံကြည်မှုတွေ ရရှိသွားပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီး ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အာဆင်နယ်က သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ကိုင် ဟားဗက်ဇ်က ချယ်လ်ဆီးမှာ ကစားခဲ့စဉ်က တိုက်စစ်မှူး အဖြစ် ကစားခဲ့ရပေမယ့် အာဆင်နယ်ဆီ ရောက်အပြီးမှာ ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဗဟိုကွင်းလယ် နေရာတွေမှာ ကစားခဲ့ရပြီး ကစားပုံ အပြောင်းအလဲ ၊ နေရာ အပြောင်းအလဲတို့ကြောင့် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် ကိုင် ဟားဗက်ဇ်က ပြီးခဲ့တဲ့တပတ်မှာ ကစားခဲ့တဲ့ ဘရန့်ဖို့ဒ် ၀-၁ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ် အတွက် တလုံးထဲသော အနိုင်ဂိုးကို ပွဲပြီးခါနီးမှာ သွင်းယူကာ အာဆင်နယ်ကို ကယ်တင်ပေးခဲ့သလို ကြားရက်မှာ ကစားခဲ့တဲ့ အာဆင်နယ် ၆-၀ လန်းစ် ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

၂ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အာဆင်နယ်ပရိသတ်တွေက ကိုင် ဟားဗက်ဇ်ကို ချီးကျူးမှုတွေ လုပ်လာကြပြီး အာဆင်နယ်နည်းပြချုပ် အာတီတာကတော့ ကိုင် ဟားဗက်ဇ်ဟာ အသင်းအတွက်ဆို စစ်ပွဲထဲတောင် ခုန်ဝင်မယ့် ကစားသမား ဖြစ်ကာ ယခုချိန်မှာတော့ လိုအပ်နေတဲ့ ယုံကြည်မှုတွေ ရသွားပြီလို့ ဆိုလာပါတယ်။

အာတီတာက – “ခင်ဗျားက ဟားဗက်ဇ်ကို စစ်ပွဲထဲ သွားရမယ်လို့ ပြောလိုက်ရင် သူက စစ်ပွဲထဲကို ပထမဦးဆုံး ခုန်ဝင်သွားမယ့် ကစားသမားမျိုးပါ။ ဒါပေမယ့် ဟားဗက်ဇ်က ဘယ်တုန်းကမှ ချီးကျူးမှုတွေကို လိုချင်တဲ့ လူစားမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ဟားဗက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ရခဲ့တဲ့ ချီးကျူးမှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားလို့ ထင်ပါတယ်။ သူက အမြဲတမ်း အကောင်းမြင်တတ်သလို အသင်းမှာ ရှိတဲ့ လူတိုင်းကလည်း သူ့ကို ချစ်ကြပါတယ်။ အခုတော့ သူက ယုံကြည်မှုတွေ ရနေပါပြီ။ ခင်ဗျားတို့လည်း ဒါကို မြင်ကြမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။