ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့နှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လက်တကမ်းအကွာ အနေအထားကို ရောက်ခဲ့သလို ဒီရာသီမှာလည်း လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး ၊ လီဗာပူးတို့နဲ့အပြိုင် ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရပါတယ်။

အာဆင်နယ်က ရာသီအစ ကနေ ရာသီအလယ်လောက် အထိ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူနိုင်ခဲ့ပေမယ့် ခရစ္စမတ်အလွန်မှာ ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၅ပွဲမှာ နိုင်ပွဲ ၁ပွဲထဲသာ ရခဲ့သလို ၁ပွဲ သရေကျကာ ၃ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ (အာဆင်နယ်က ပွဲကျန် ၁ပွဲ ကစားဖို့ ကျန်နေပါသေးတယ်) အာဆင်နယ်က အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာ အထိ ဆင်းပေးခဲ့ရပြီး အာဆင်နယ်က အဆင့်(၁)နေရာမှာ ရှိနေတဲ့ လီဗာပူးနဲ့ ရမှတ် ၅မှတ် အထိ ကွာဟသွားပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ ၁ပွဲထဲသာ အနိုင်ရခဲ့ပေမယ့် အာဆင်နယ်နည်းပြချုပ် အာတီတာက သူ့အသင်းရဲ့ ကစားပုံဟာ အခုချိန်အထိ ကောင်းနေဆဲ ဖြစ်ကြောင်းနဲ့ သူတို့အသင်းဟာ နိုင်ပွဲတွေ မရလို့သာ ဝေဖန်မှုတွေကို ခံနေရတာ ဖြစ်ကြောင်း ယနေ့ညမှာ ကစားမယ့် ပဲလေ့စ်နဲ့ ပွဲစဉ်မတိုင်မီ လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

 

 

Photo Credit: Goal

အာတီတာက – “ခင်ဗျားက အချက်အလက်တွေကို ကြည့်လိုက်မယ် ဆိုရင် ဘယ်နေရာမှာမဆို အာဆင်နယ် ၊ အာဆင်နယ် ၊ အာဆင်နယ်ပဲ ဖြစ်နေပါလိမ့်မယ်။ အာဆင်နယ်က အမြဲတမ်း ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ပိုင်းမှာ ကျွန်တော်တို့က နိုင်ပွဲတွေ မရဘူး ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ နိုင်ပွဲ မရတဲ့ အကြောင်းအရင်း တခု ရှိနေပုံပါပဲ။ ကျွန်တော်တို့က အဲ့ဒါကို ကြက်သွန်နီ နွှာသလို ရှာရပါမယ်။ ပထမအလွှာ ၊ ဒုတိယအလွှာမှာ ပြဿနာကို မတွေ့ရင်တောင် ပြဿနာကို တွေ့တဲ့ အချိန်အထိ ရှာဖွေရပါမယ်။ ကျွန်တော်ကတော့ ပြဿနာက အသေးစိတ်ကျတဲ့ အရာတွေလို့ မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပင်နယ်တီ ဧရိယာတွေထဲမှာ ကစားနေတဲ့ ကစားပုံက ပြဿနာ ဖြစ်နေပါတယ်။ ကျွန်တော်တို့က အဲ့ဒါကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးအသင်း ဆိုတာ ပြောရဲပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။