အာဆင်နယ်အသင်းဟာ အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်ကို လက်ခံကစားမှာဖြစ်ပြီး ဒီပွဲက သူ့အတွက်တော့ သူ့နည်းပြဘဝရဲ့ အကြီးမားဆုံးပွဲဖြစ်ကြောင်း အာဆင်နယ်နည်းပြ မီခယ် အာတီတာက ဝန်ခံခဲ့ပါတယ်။

အာတီတာက သူ့ကစားသမားတွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၁၅)ကြိမ် ချန်ပီယံဖြစ်ထားတဲ့အသင်းကို အနိုင်ယူပြီး ဥရောပဘောလုံးရဲ့ အကြီးမားဆုံးစင်မြင့်မှာ သူတို့ရဲ့နေရာကို ရယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။

Photo Credit : Opta Analyst

အာဆင်နယ်အနေနဲ့ ထိပ်သီးအသင်းတွေထဲ ဝင်ရောက်နိုင်ဖို့ ရီးရဲလ် မက်ဒရစ်ကို အနိုင်ရတာမျိုးလို့ ထင်ရှားတဲ့ ရလဒ်တစ်ခု လိုအပ်လားလို့ မေးတဲ့အခါ အာတီတာက အတိအကျ ဒါက ကျွန်တော်တို့ လိုအပ်တာပဲလို့ ဖြေခဲ့တယ်။ “ဒီလိုဖြစ်အောင် လုပ်ဖို့ အခက်အခဲတွေကို ကျော်ဖြတ်ရမယ်။ ကျွန်တော်တို့ ကွာတားဖိုင်နယ်ကို နှစ်ရှည်လများ မရောက်ခဲ့ပေမယ့် အခု နှစ်နှစ်ဆက် ရောက်နေပြီ။”

“နှစ်(၂၀)ကြာမှ ဒီလို ပွဲမျိုးကို ကစားခွင့်ရတာ။ ဒါက ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဖန်တီးဖို့ အခွင့်အရေးကောင်းတစ်ခုပါ။ ကျွန်တော်တို့ ဒီထက် ပိုလိုချင်တယ်။ လုပ်နိုင်စွမ်းလည်း ရှိတယ်။ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်။ အသင်းသားတွေရော အားပေးသူတွေရော အားလုံးက ဒီလို ခံစားရမှာပါ” လို့ အာတီတာက ပြောခဲ့တယ်။

Photo Credit : Football365

အာဆင်နယ်ဟာ လွန်ခဲ့တဲ့ (၁၄)နှစ်အတွင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို မရောက်ခဲ့ဘဲ ပြီးခဲ့တဲ့နှစ်မှသာ ကွာတားဖိုင်နယ်ဆီ ပြန်လည် တက်လှမ်းခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့ရပါတယ်။ အခုဆို အာဆင်နယ်က (၂)နှစ်ဆက် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဆီ ရောက်နေပြီး ဒီဖလားကို တစ်ခါမှ ဗိုလ်မစွဲဘူးသေးတဲ့ အစဉ်အလာဆိုးကိုပါ ချေဖျက်ချင်နေပါတယ်။

ဆက်လက်ပြီး အာတီတာက “ကျွန်တော်တို့ကိုယ်တိုင် ယုံကြည်မှု ပိုရှိလေလေ ကျွန်တော်တို့ ပိုခံစားရလေလေ သူတို့မှာ အားနည်းလေလေပါပဲ။ သူတို့ ကျွန်တော်တို့ကို ပြန်အသုံးချဖို့ ဘယ်အခွင့်အရေးကိုမှ မပေးသင့်ပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်က အရမ်းအရေးကြီးပါလိမ့်မယ်။ အကောင်းဆုံးတွေနဲ့ ယှဉ်ပြိုင်ရတာကို ကျွန်တော်နှစ်သက်တယ်။ ဘောလုံးအသင်းအနေနဲ့ ကျွန်တော်တို့ တစ်ခါမှ မရဖူးသေးတဲ့ အလွန်ထူးခြားတဲ့အရာတစ်ခုရှိတဲ့ ပြိုင်ပွဲမှာ အကောင်းဆုံးတွေနဲ့ စိန်ခေါ်ခံရတာကို နှစ်သက်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ထက် ပိုပြီး စိတ်အားထက်သန်မှုနဲ့ တောင့်တမှုရှိတဲ့သူ ဘယ်သူမှ မရှိနိုင်ပါဘူး။ ဒါဟာ မဖြစ်နိုင်ပါဘူး” လို့ ပြောသွားခဲ့ပါတယ်။