ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လက်တကမ်းအလို အထိ ဖြစ်ခဲ့တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ရခဲ့ပေမယ့် အာဆင်နယ်ကို ချစ်လို့ အသင်းမှာပဲ ဆက်နေခဲ့တာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အာတီတာက ကစားသမား ဘဝမှာ ပီအက်စ်ဂျီမှာရော ၊ အာဆင်နယ်မှာပါ ကစားခဲ့ဖူးသူ ဖြစ်ပြီး သူက ကစားသမားဘဝ ကနေ အနားယူပြီးနောက် မန်ချက်စတာ စီးတီးမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အဖြစ် ၃နှစ်ကြာအောင် လုပ်ကိုင်ခဲ့ပါတယ်။

Photo Credit: TalkSports

၂၀၁၉ခုနှစ်မှာတော့ အာတီတာက မန်ချက်စတာ စီးတီးကို စွန့်ခွာကာ သူ ချစ်ရတဲ့ အာဆင်နယ်ဆီ နည်းပြချုပ် အဖြစ် ပြန်လာခဲ့ပြီး အာတီတာက အာဆင်နယ်ကို ၄နှစ်နီးပါး ကြာအောင် ကိုင်တွယ်ခဲ့ရာ ကွန်မြူနတီဒိုင်း ၁လုံးနဲ့ အက်ဖ်အေဖလား ၁လုံး ဆွတ်ခူးရယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာဆိုရင် နှစ်ပေါင်းများစွာ ကြာအောင် ဝေးကွာနေခဲ့တဲ့ အမှတ်ပေးချန်ပီယံဆုနဲ့ လက်တကမ်း အကွာကို ရောက်ရှိခဲ့ပါတယ်။

အာတီတာရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ နည်းစနစ် ကျွမ်းကျင်မှုတို့ကြောင့် အသင်းဟောင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီက အာတီတာကို နည်းပြချုပ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းမှု တချို့ လုပ်ခဲ့ပေမယ့် အာတီတာကတော့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချကာ အာဆင်နယ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Team Talk

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက် တဦးက ပီအက်စ်ဂျီနဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာ အာတီတာက သူဟာ အာဆင်နယ်ကို ချစ်သလို အာဆင်နယ်ကလည်း သူ့ကို တန်ဖိုးထားတာကြောင့် အာဆင်နယ်မှာပဲ ဆက်နေခဲ့တာပါလို့ အတိအလင်း ဖြေကြားကာ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း အတည်ပြုသွားခဲ့ပါတယ်။

အာတီတာက – “ကျွန်တော် ပြောနိုင်တာ တခုက ကျွန်တော်ဟာ အာဆင်နယ်မှာ ပျော်နေတယ် ဆိုတာပါပဲ။ ကျွန်တော်က အာဆင်နယ်မှာ အချစ်ခံနေရတယ်လို့ ခံစားရသလို အသင်းပိုင်ရှင်တွေကလည်း ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျကြပါတယ်။ ကျွန်တော်က အာဆင်နယ် အတွက် ဒီထက် အများကြီး ပိုလုပ်ပေးရဦးမှာပါ။ ကျွန်တော်က အာဆင်နယ်မှာ အရမ်းကို ပျော်နေတာပါ။ အာဆင်နယ်နည်းပြ ဖြစ်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။