မနေ့က တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းကို အကြိတ်အနယ်ကစားပြီး အံ့မခန်း Comeback နိုင်ပွဲရရှိခဲ့ပြီးနောက်၊ အာဆင်နယ်နည်းပြ မီခေးလ် အာတေတာက ဒီလိုဒရာမာဆန်တဲ့ နိုင်ပွဲမျိုးတွေကသာ အသင်းကို နောက်တစ်ဆင့်ကို ပို့ဆောင်ပေးနိုင်ကြောင်း ချီးကျူးပြောကြားလိုက်ပါတယ်။
စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အာဆင်နယ်တို့ ပွဲချိန် (၈၄)မိနစ်အထိ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ထောင့်ကန်ဘောကျွမ်းကျင်မှုကို အကောင်းဆုံးအသုံးချပြီး မီခေးလ် မယ်ရီနိုက ချေပဂိုးကို ခေါင်းတိုက်သွင်းယူခဲ့သလို နာကျင်အချိန်ပို (၆)မိနစ်မှာ နောက်ခံလူ ဂါဘရီရယ် မာဂါးလက်စ်က အဖိုးတန်အနိုင်ဂိုးကို ထပ်မံခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
Photo Credit : Arsenal
ဒီနိုင်ပွဲဟာ မှတ်တမ်းတွေအရ အာဆင်နယ်အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ နောက်ကျပြီးမှ ရှုံးနေရာကနေ အနိုင်ပြန်ကစားနိုင်ခဲ့တဲ့ ဒုတိယမြောက်နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က မန်စီးတီးနဲ့ပွဲမှာ နာကျင်အချိန်ပို ချေပဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အခုတစ်ခါ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် အာတေတာက သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ ဇွဲလုံ့လကို အလွန်ဂုဏ်ယူနေပါတယ်။
“ဒီလိုပုံစံနဲ့ အနိုင်ရခဲ့တာ ဘယ်လောက်တောင် ကောင်းတဲ့ ခံစားချက်လဲ။ ဘောလုံးဆိုတာ စိတ်လှုပ်ရှားမှုတွေနဲ့ ဖြတ်သန်းရတာပါပဲ၊ ဒီနေ့ ပွဲအဆုံးမှာ ကျွန်တော်တို့ အရမ်းလှပတဲ့ အခိုက်အတန့်တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ကစားပုံ၊ ယှဉ်ပြိုင်ပုံ၊ ဖန်တီးနိုင်ခဲ့တဲ့ အခွင့်အရေးတွေအရ ကျွန်တော်တို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ပါတယ်။ ဒီလိုအခိုက်အတန့်မျိုးတွေကို ဖြတ်သန်းပြီး သင်ခန်းစာယူနိုင်မှသာ ခင်ဗျား နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာပါ။ ဒါက ကျွန်တော်တို့ ဘယ်လိုအသင်းမျိုးလဲဆိုတာကို လူတိုင်းကိုရော၊ ကိုယ့်ကိုယ်ကိုယ်ရော သက်သေပြဖို့ အလွန်ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။” လို့ အာတေတာက ဆိုလိုက်ပါတယ်။
Photo Credit : RTE
အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ မီခေးလ် မယ်ရီနိုကလည်း နည်းပြရဲ့အမြင်ကို ထောက်ခံခဲ့ပါတယ်။ စပိန်ကွင်းလယ်ကစားသမားဟာ ၂၀၂၅ ခုနှစ်အတွင်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၉)ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူဖြစ်ပြီး ပရီးမီးယားလိဂ์မှာလည်း ၇ ဂိုးနဲ့ ဦးဆောင်နေပါတယ်။
“ဒီနိုင်ပွဲက ကျွန်တော်တို့ရဲ့ set-pieces နည်းဗျူဟာကို ပြသလိုက်ရုံတင်မကဘူး။ စိတ်ဓာတ်ပိုင်းကိုပါ ပြသလိုက်တာပါပဲ။ တခြားအသင်းတွေသာ ထောင့်ကန်ဘော (၆)ကြိမ် (၇)ကြိမ်ရပြီး ဂိုးမသွင်းနိုင်ရင် ယုံကြည်မှု ပျောက်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်တော့ ကိုယ်လုပ်နေတဲ့အရာကို အမြင့်ဆုံးအဆင့်မှာ ဆက်လုပ်သွားဖို့ပါပဲ။ နောက်ဆုံးမှာတော့ နောက်ဆုံးထောင့်ကန်ဘော၊ နောက်ဆုံးစက္ကန့်မှာ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့တယ်” လို့ မယ်ရီနိုက ဆိုပါတယ်။