ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အောက်စဖို့ဒ်နဲ့ အက်ဖ်အေဖလားပွဲမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းအတွက် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဖေဘီယို ဗီအဲရာကို နိုင်ပွဲအတွက် အရေးပါခဲ့တဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

အာဆင်နယ်က အက်ဖ်အေဖလား ၆၄သင်းအဆင့် ရှုံးထွက်ပွဲ အဖြစ် အဝေးကွင်းမှာ အောက်စဖို့ဒ်ကို သွားရောက် ရင်ဆိုင် ကစားခဲ့ရာ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ချာကာ ၊ ပါတေးနဲ့ အိုဒီဂတ်တို့ကလွဲရင် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့ပြီး အသင်းခေါင်းဆောင် အိုဒီဂတ်ရဲ့ နေရာမှာတော့ ဖာဘီယို ဗီအဲရာက ပါဝင် ကစားခဲ့ပါတယ်။

Photo Credit: Mirror

အောက်စဖို့ဒ်ရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အောက်စဖို့ဒ်က ပရိသတ်အားနဲ့ အာဆင်နယ်ရဲ့ တိုက်စစ်ကို ခုခံကစားဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းမှာလည်း ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အောက်စဖို့ဒ်က ဒုတိယပိုင်းမှာတော့ အာဆင်နယ်ရဲ့ တိုက်စစ်ကို တောင့်ခံနိုင်ခြင်း မရှိတော့ပဲ ပွဲချိန် ၆၃မိနစ်နဲ့ ၇၆မိနစ် အတွင်း အာဆင်နယ်ဘက်ကို သွင်းဂိုး ၃ဂိုး အထိ ခွင့်ပြုပေးခဲ့ရပြီး အာဆင်နယ် အတွက် သွင်းဂိုးတွေကို အယ်နီနီက တဂိုးနဲ့ အန်ခီးတီယားက နှစ်ဂိုး အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

အောက်စဖို့ဒ် ၀-၃ အာဆင်နယ် ပွဲစဉ်မှာ အန်ခီးတီးယားက သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဗီအဲရာကလည်း အသင်းအတွက် အရေးပါတဲ့ ဗွေဆော်ဦး ဦးဆောင်ဂိုး ၂ဂိုးစလုံးကို ဖန်တီးပေးနိုင်ခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာကတော့ အဖွင့်ဂိုးတွေကို ဖန်တီးပေးခဲ့တဲ့ ကွင်းလယ်လူ ဗီအဲရာဟာ နိုင်ပွဲအတွက် အရေးပါခဲ့တဲ့ ကစားသမား ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အာတီတာက – “ဗီအဲရာက အရည်အသွေးတွေ ရှိတဲ့ ကစားသမား တဦးပါ။ ပြီးတော့ သူက အရမ်းကို ဖန်တီးနိုင်စွမ်း မြင့်မားပါတယ်။ အထူးသဖြင့် ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲကို ရောက်သွားရင် သူက ပွဲအဖြေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပါတယ်။ ဒီနေ့ပွဲမှာ သူက နှစ်သင်းကြားမှာ ကွာခြားချက် ရှိသွားအောင် လုပ်ဆောင်ပေးခဲ့တဲ့သူပါ” လို့ ဗီအဲရာကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

အောက်စဖို့ဒ်ကို အနိုင်ရခဲ့ပြီးနောက် အာဆင်နယ်က အက်ဖ်အေဖလား ၃၂သင်း အဆင့်မှာ မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။