ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အာဆင်နယ်ရဲ့ ယူ-၁၈ အသင်းကို ကိုင်တွယ်ကာ နည်းပြလောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အသင်းဖော်ဟောင်း ဝီလ်ရှိုင်းယားဟာ တနေ့မှာ အာဆင်နယ်ရဲ့ နည်းပြ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်နဲ့ အာဆင်နယ်တို့ရဲ့ ကွင်းလယ်လူဟောင်း ဂျက် ဝီလ်ရှိုင်းယားဟာ ဆယ်ကျော်သက်အရွယ်မှာထဲက အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ အာဆင်နယ်ပရိသတ်တွေက သူဟာ အင်္ဂလန်နဲ့ အာဆင်နယ်တို့ရဲ့ ကွင်းလယ်ကို ဆယ်စုနှစ် တစုကျော်ကြာ ဦးဆောင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

Photo Credit: Euro Sports

ဂျက် ဝီလ်ရှိုင်းယားက ပါရမီကောင်းတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ကံမကောင်းစွာပဲ ဆယ်ကျော်သက် ကစားသမား ဘဝမှာ ပွဲရာနဲ့ချီ ဆက်တိုက် ကစားခဲ့မှုနဲ့ ပြိုင်ဘက်တွေရဲ့ ပစ်မှတ်ထား လူချကစားမှုတို့ကြောင့် အသက် ၂၀ကျော်မှာပဲ ဒဏ်ရာပြဿနာတွေကို တခုပြီး တခု ရခဲ့ပါတယ်။

ဂျက် ဝီလ်ရှိုင်းယားက သူ့ရဲ့ ကစားသမားဘဝ အချိန်အများစုကို ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းခဲ့ရပြီးနောက် ဇူလိုင်လ ၈ရက်နေ့ ၊ ၂၀၂၂ခုနှစ်မှာ ကစားသမား ဘဝကို အဆုံးသတ်ခဲ့ပါတယ်။

ကစားသမားဘဝ ကနေ အနားယူပြီးနောက် ဂျက် ဝီလ်ရှိုင်းယားက နည်းပြတဦး အဖြစ် ဘောလုံးလောကထဲကို ပြန်ဝင်ဖို့ အစီအစဉ် ဆွဲကာ နည်းပြသင်တန်းတွေ တက်ရောက်ခဲ့ပြီး သူ့ရဲ့ အရည်အချင်းတွေကြောင့် မကြာသေးမီကပဲ အာဆင်နယ်ရဲ့ ယူ-၁၈ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

Photo Credit: Goal

ဝီလ်ရှိုင်းယားက ထိပ်တန်းနည်းပြ တဦး ဖြစ်လာမယ့် အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ လူငယ်နည်းပြ တဦး ဖြစ်ပြီး အာဆင်နယ်ရဲ့ နည်းပြချုပ် အာတီတာကတော့ ဝီလ်ရှိုင်းယားဟာ တနေ့မှာ အာဆင်နယ်ရဲ့ နည်းပြရာထူးကို ဆက်ခံလိမ့်မယ်လို့ ဆိုလာပါတယ်။

အာတီတာက – “ဝီလ်ရှိုင်းယားဟာ တနေ့မှာ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်က ဒါကို အခိုင်အမာ ပြောနိုင်ပါတယ်။ မေဂျာလိဂ်ကလပ်တွေက သူ့လို အရည်အချင်း ရှိတဲ့ နည်းပြတွေကို စိတ်ဝင်စားတာ မဆန်းပါဘူး။ သူက အခုချိန်မှာ သူ့အလုပ်ကို အကောင်းဆုံး လုပ်ထားပါတယ်။ သူ့ရဲ့ နည်းပြဘဝ အတွက် အကောင်းဆုံး ဖြစ်မယ့် ဆုံးဖြတ်ချက်ကိုတော့ သူကိုယ်တိုင်ပဲ ချမှတ်ရမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။