ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဗွီ ၁-၁ အာဆင်နယ် ပွဲစဉ်မှာ ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ကို ဘာကြောင့် ဗဟိုခံစစ်မှူး အဖြစ် သုံးခဲ့တာလဲ ဆိုတာကို ပွဲပြီး အင်တာဗျူးမှာ အကျယ်တဝင့် ရှင်းပြလာခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပီအက်စ်ဗွီ ၊ ဆီဗီးလား ၊ လန်းစ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး အုပ်စုပွဲ ၆ပွဲမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့တာကြောင့် ရမှတ် ၁၃မှတ်နဲ့ အုပ်စုဗိုလ်နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ယနေ့မနက် အစောပိုင်းမှာတော့ အာဆင်နယ်က အုပ်စုနောက်ဆုံးပွဲ အဖြစ် ပီအက်စ်ဗွီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အုပ်စုကနေ တက်ပြီးပြီ ဖြစ်တာကြောင့် အာတီတာက အဆိုပါပွဲမှာ အဓိက ကစားသမား တချို့ကို အနားပေးကာ အရန် ကစားသမားတွေနဲ့သာ ကစားခဲ့ပါတယ်။

အာတီတာက အန်ခီးတီးယား ၊ နယ်လ်ဆန် ၊ ထရော့ဆက် ၊ ဂျော်ဂျင်ဟို ၊ အယ်နီနီ ၊ ဆီဒရစ် ၊ ခီဝီယော့ ၊ ရမ်စဒဲလ် စတဲ့ အရန် ကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးခဲ့သလို ဒုတိယပိုင်းမှာလည်း အဓိက ဗဟိုနောက်ခံလူ ဆာလီဘာနဲ့ ဒီကလန်ရိုက်စ်တို့ကို လူစားလဲကာ ဒီကလန်ရိုက်စ်ကို ဗဟိုခံစစ်မှူး အဖြစ် အသုံးပြုခဲ့ပါသေးတယ်။

Photo Credit: Mirror

ပီအက်စ်ဗွီ ၁-၁ အာဆင်နယ် ပွဲအပြီးမှာတော့ အာတီတာက သူတို့အသင်းမှာ ဗဟိုခံစစ်မှူးတွေ နည်းပါးနေတာကြောင့် ပွဲပန်းမှုဒဏ်ကို ရှောင်ရှားနိုင်ဖို့ ဒီကလန်ရိုက်စ်ကို ဗဟိုနောက်ခံလူ အဖြစ် ကစားခိုင်းခဲ့တာ ဖြစ်ပြီး ဒီကလန်ရိုက်စ်ဟာ ဗဟိုခံစစ်မှာ အကောင်းဆုံး ကစားနိုင်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုလာပါတယ်။

အာတီတာက – “ဒီကလန်ရိုက်စ်ဟာ အရင်တုန်းကလည်း ဗဟိုခံစစ်နေရာမှာ ကစားခဲ့ဖူးတဲ့ ကစားသမားပါ။ ဒါကြောင့် ကျွန်တော်တို့က အရေးကြုံလာရင် သူ့ကို ဗဟိုခံစစ်မှာ သုံးလို့ ရအောင် ဒီပွဲမှာ ဗဟိုခံစစ်မှူး အဖြစ် ကစားခိုင်းခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ဗဟိုခံစစ်နေရာမှာ ကစားသမား အများကြီး မရှိတာကြောင့် ကျွန်တော်တို့က ကြိုတင် စီမံမှုတွေ လုပ်ရပါတယ်။ ဒီကလန်ရိုက်စ်က ဗဟိုခံစစ်နေရာမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ မြင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။