မြောက်လန်ဒန်ရဲ့ မြို့ခံပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ရဲ့ အားပြိုင်မှုဟာ ဘောလုံးကွင်းထဲမှာ သာမက အပြောင်းအရွှေ့ဈေးကွက်ထဲမှာပါ ပြင်းထန်နေတယ်ဆိုတာကို ဒီတစ်ခေါက်မှာ ထပ်မံ သက်သေပြလိုက်ပြန်ပါပြီ။ စပါးစ်အသင်းနဲ့ သဘောတူညီမှု ရလုနီးပါးဖြစ်နေတဲ့ ခရစ္စတယ် ပဲလေ့စ်ရဲ့ တိုက်စစ်ကစားသမား အီဘာရီချီ အက်ဇေးကို အာဆင်နယ်အသင်းက နောက်ဆုံးမိနစ်မှာ ပေါင် (၆၈)သန်းနဲ့ ကြားဖြတ်ခေါ်ယူကာ မြောက်လန်ဒန်တစ်ခွင်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။

ဒီအပြောင်းအရွှေ့ဟာ အာဆင်နယ်ရဲ့ တိုက်စစ်ကစားသမား ကိုင်း ဟာဗက်ဇ် ဒူးဒဏ်ရာကြောင့် အနားယူရမယ်လို့ သတင်းထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး စပါးပရိသတ်တွေအတွက်တော့ နောက်ထပ်တစ်ကြိမ် ပစ်မှတ်လွဲချော်မှုအတွက် ဒေါသထွက်စရာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : TEAMtalk

The Daily Mail သတင်းစာရဲ့ ဖော်ပြချက်အရ အာဆင်နယ်နည်းပြ မီခေးလ် အာတီတာဟာ စပါးစ်တို့ အက်ဇေးကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ မထင်မှတ်ထားခင် လွန်ခဲ့တဲ့ တစ်လကတည်းက အက်ဇေးနဲ့ လျှို့ဝှက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီတွေ့ဆုံမှုမှာပဲ အက်ဇေးဟာ အာတီတာရဲ့ အသင်းတည်ဆောက်မှုအစီအစဉ်နဲ့ အမ်းမရိတ်စ်မှာ ကစားရမယ့် အခွင့်အရေးကို ချက်ချင်းပဲ သဘောကျသွားခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဆင်နယ်ဟာ တိုက်စစ်မှူး ဗစ်တာ ယော်ကယ်ရက်စ်ကို ပေါင် (၆၃)သန်းနဲ့ ခေါ်ယူထားခါစဖြစ်လို့ အက်ဇေးအတွက် ချက်ချင်း လှုပ်ရှားခဲ့ခြင်းမရှိပေမယ့် ဒီအပြောင်းအရွှေ့အတွက် အခြေခံအုတ်မြစ်ကို ကြိုတင်ချထားပြီးသား ဖြစ်ခဲ့ပါတယ်။

စပါးအသင်းဟာ ပဲလေ့စ်အသင်းနဲ့ (၁၀)ရက်ကြာ ဆွေးနွေးမှုတွေအပြီးမှာ အက်ဇေးအတွက် ပေါင် (၅၅)သန်းနဲ့ ထပ်ဆောင်းဆုကြေးတွေပါဝင်တဲ့ ပက်ကေ့ချ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာတော့ အက်ဇေးရဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိထားတာကြောင့် ဒီအပြောင်းအရွှေ့ဟာ အပြီးသတ်လုနီးပါး ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

Photo Credit : Football365

ဒါပေမဲ့ ပဲလေ့စ်အသင်းက သူတို့ရဲ့ Conference League play-off ပွဲစဉ်မတိုင်ခင် အသင်းရဲ့ အဓိက ကစားသမားကို လက်လွှတ်ရမှာ တွန့်ဆုတ်နေခဲ့တာက အာဆင်နယ်အတွက် အခွင့်အရေးဖြစ်သွားစေခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာပဲ အာဆင်နယ်ဟာ ပေါင် သန်း (၆၀)ကို တိုက်ရိုက်ပေးချေပြီး ထပ်ဆောင်းဆုကြေးတွေနဲ့ပေါင်းရင် အီဇေးရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် (၆၈)သန်းနဲ့ တူညီတဲ့ ကမ်းလှမ်းမှုနဲ့ ဝင်ရောက်လာခဲ့ပြီး စပါးရဲ့ ဆွေးနွေးမှုတွေကို လုံးဝ အမှောင်ချသွားစေခဲ့ပါတယ်။

အမှန်တကယ်တော့ နည်းပြအာတီတာဟာ တိုက်စစ်ပိုင်းအတွက် ဒီလောက်မြန်မြန် နောက်ထပ်ကစားသမားတစ်ဦး ခေါ်ယူဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဟားဗက်ဇ်ရဲ့ ဒဏ်ရာပြင်းထန်မှုကြောင့် အသင်းရဲ့ နည်းဗျူဟာကို အရေးပေါ် ပြောင်းလဲခဲ့ရပါတယ်။ ဂါဘရီရယ် ဂျေးဇုစ်ကလည်း ဒဏ်ရာကနေ မသက်သာသေးချိန်မှာ ယော်ကယ်ရက်စ် တစ်ဦးတည်းသာ အကောင်းဆုံးပုံစံနဲ့ ရှိနေတာကြောင့် အာဆင်နယ်အတွက် တိုက်စစ်အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။ အီဇေးရဲ့ ကစားဟန်၊ နေရာစုံကစားနိုင်စွမ်းနဲ့ ပရီးမီးယားလိဂ်အတွေ့အကြုံတွေဟာ အာဆင်နယ်ရဲ့ လိုအပ်ချက်အတွက် အကောင်းဆုံး ဖြေရှင်းချက် ဖြစ်လာခဲ့ပါတယ်။