ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတော်လေး အခွင့်အလမ်း နည်းနေပေမယ့် ဇွဲမလျှော့သေးပဲ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲ ဆက်ဝင်သွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေ ရခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ ခြေချော်သွားတာကြောင့် မန်ချက်စတာ စီးတီးဆီ ပရီးမီးယားလိဂ်ဖလားကို လွှဲပေးခဲ့ရသလို ဒီရာသီမှာလည်း တရာသီလုံးနီးပါး နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ အတွင်းမှာ ရခဲ့တဲ့ ၃ပွဲရှုံး ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ဆိုးတွေကြောင့် ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း အတော်လေး နည်းပါးနေပါတယ်။

Photo Credit: Foot The Ball

ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ (၁)ပွဲသာ လိုအပ်တော့ချိန်မှာ အာဆင်နယ်က အဆင့်(၁)နေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးထက် ရမှတ် (၂)မှတ် လျော့နည်းနေတာကြောင့် ရာသီပိတ်ပွဲမှာ မန်ချက်စတာ စီးတီးက ခြေချော်လက်ချော် ဖြစ်ပြီး ရလဒ်တွေ ဆိုးဝါးမှသာ ချန်ပီယံဆုကို မျှော်လင့်ခွင့် ရမှာပါ။

ရာသီပိတ်ပွဲမှာတော့ အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ နှစ်သင်းစလုံးက အိမ်ကွင်းတွေမှာ ကစားရဖို့ ရှိနေပြီး အာတီတာရဲ့ အာဆင်နယ်က အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ကာ မန်ချက်စတာ စီးတီးကတော့ အာဆင်နယ်ရဲ့ လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ဂိုးကွာခြားချက် (၁)ဂိုးသာ နေတာကြောင့် ဝက်စ်ဟမ်းက မန်ချက်စတာ စီးတီးကို သရေကျအောင် ကစားပေးရုံနဲ့ ချန်ပီယံဆုကို မျှော်လင့်ခွင့် ရမှာ ဖြစ်ပြီး အာတီတာကတော့ တနင်္ဂနွေနေ့မှာ ကံတရားက သူတို့အသင်းကို မျက်နှာသာ ပေးဖို့ မျှော်လင့်ကြောင်းနဲ့ သူတို့အသင်းဟာ နောက်ဆုံးချိန်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလာပါတယ်။

အာတီတာက – “တနင်္ဂနွေနေ့က ကျွန်တော်တို့ အတွက် လှပတဲ့ နေ့ရက်လေး ဖြစ်ပါတယ်။ အဲ့ဒီနေ့မှာ မှော်ဆန်တဲ့ အရာတွေ ဖြစ်လာဖို့လည်း မျှော်လင့်မိပါတယ်။ ကျွန်တော်တို့က ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်ဖို့ လိုအပ်ပါတယ်။ ချန်ပီယံ ဖြစ်ဖို့ အတွက် ဘာလုပ်ရမလဲ ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒီတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို အကောင်းဆုံး လုပ်သွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။