ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရမချင်း အဆက်မပြတ် ကြိုးစားသွားမယ်လို့ အဲဗာတန်ကို ၄-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အာတီတာရဲ့ အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် အဲဗာတန်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ပြီး အဆိုပါပွဲမှာ အာဆင်နယ်က အဲဗာတန်ကို ပွဲစပွဲဆုံး တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားသွားနိုင်ခဲ့သလို သွင်းဂိုးတွေ တရစပ် သွင်းကာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ပါတယ်။

Photo Credit: Sky Sports

အာဆင်နယ် ၄-၀ အဲဗာတန် ပွဲစဉ်မှာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ မာတီနယ်လီ ၊ အိုဒီဂတ် စတဲ့ ကစားသမားတွေက သွင်းယူပေးခဲ့ကြပြီး အဲဗာတန်ကို အနိုင်ရခဲ့တာကြောင့် အာဆင်နယ်ဟာ ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကို ရမှတ် ၅မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၂၅) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တာကြောင့် ချန်ပီယံဆုကို ရရှိဖို့ အတွက်ပါ ရေပန်းစားနေပြီး အာဆင်နယ်နည်းပြ အာတီတာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကာ ချန်ပီယံဆု လက်ထဲ မရောက်မချင်း ကြိုးစား အားထုတ်မှုကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

Photo Credit: Sky Sports

အာတီတာက – “ကျွန်တော်တို့ အားလုံးက ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံချင်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့က ချန်ပီယံဆု လက်ထဲ မရောက်မချင်း ကြိုးစား အားထုတ်မှုကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်ရဲ့ ခြေစွမ်းတွေ ပိုကောင်းလာအောင်ပဲ အားစိုက် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံဆု အတွက် ကြိုးစားတဲ့ နေရာမှာ တပွဲချင်းစီ အာရုံစိုက်သွားဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ တိုးတက်ရမယ့် အပိုင်းတွေ အများကြီး ရှိနေသေးတာကိုလည်း နားလည်ထားဖို့ လိုပါတယ်။ ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ဆိုရင် ကျွန်တော်တို့ရဲ့ ကစားပုံက ဒီထက် ပိုကောင်းနိုင်ချေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီနေ့ထက် ပိုကောင်းတဲ့ ကစားဟန် တခုနဲ့ ကစားနိုင်သလို လာမယ့် ဘုန်းမောက်နဲ့ပွဲမှာ အဲ့ဒီလို ကစားပုံမျိုး ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။