အာဆင်နယ်အသင်းနည်းပြ မီခေးလ် အာတီတာက ချန်ပီယံလိဂ် ဖိုင်နယ်အဆင့်ဆီ တက်ရောက်ဖို့အတွက် ပီအက်စ်ဂျီအသင်းကို ပထမအကျော့ ရှုံးနိမ့်ခဲ့တာကနေ ဒုတိယအကျော့မှာ ပြန်လှန်နိုင်မယ့် ထူးခြားတဲ့ အခိုက်အတန့်တစ်ခုကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ အခိုင်အမာ ပြောကြားလိုက်ပါတယ်။
အူစမန် ဒမ်ဘီလီက ပွဲချိန် (၄)မိနစ်အတွင်း အံ့အားသင့်ဖွယ် ဂိုးသွင်းယူခဲ့ပြီးနောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် အာဆင်နယ်အသင်းအတွက် လာမယ့်အပတ်မှာ ပြင်သစ်မြို့တော် ပါရီကို သွားရောက်ရမှာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ မယ်ရီနိုရဲ့ သွင်းဂိုး လူကျွံဘောအဖြစ် ပယ်ဖျက်ခံခဲ့ရပေမယ့် ပီအက်စ်ဂျီရဲ့ လူစားဝင် ကစားသမား ဂွန်ဆာလို ရာမို့စ်ရဲ့ ကန်ချက်က ဂိုးတိုင်ထိခဲ့တာကြောင့် အာတီတာရဲ့ အသင်းဟာ ဒီပွဲစဉ်မှာ ဆက်ရှိနေနိုင်သေးတာကို ကံကောင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။
Photo Credit : The Independent
ဒါပေမယ့် အာတီတာကတော့ “ကျွန်တော်တို့ ပွဲတစ်ဝက်ပဲ ရှိပါသေးတယ်။ ကွာတားဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ် မက်ဒရစ်ကို ၃-၀ နဲ့ အနိုင်ရပြီးနောက် ကျွန်တော်ပြောခဲ့တဲ့ သတင်းစကားအတိုင်းပါပဲ။ ကျွန်တော်တို့ ပါရီကို သွားပြီး ပွဲကို အနိုင်ကစားရမယ်။ ပြီးတော့ ကျွန်တော်တို့ ဒါကို လုပ်နိုင်စွမ်း အပြည့်ရှိပါတယ်။ တကယ်လို့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်ချင်တယ်ဆိုရင် ထူးခြားတာတစ်ခုခု လုပ်ပြရပါမယ်။ ပါရီမှာ ဖိုင်နယ်တက်ဖို့အတွက် ကျွန်တော်တို့ ထူးခြားတာတစ်ခုခု လုပ်ပြရတော့မှာပါ။ ဖိုင်နယ်တက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်။”
“ကျွန်တော်တို့ သေချာပေါက် အပြောင်းအလဲတချို့ လုပ်သွားမှာပါ။ ပွဲရဲ့ အခြေအနေပေါ် မူတည်ပြီး နောက်ထပ် အပြောင်းအလဲတွေလည်း လုပ်သွားပါမယ်။ အဲ့ဒီကနေပြီးတော့ ကျွန်တော်တို့ အင်မတန် စိတ်အားထက်သန်မှု အင်မတန် ပြင်းပြတဲ့ ဆန္ဒနဲ့ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်တွေနဲ့ သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Photo Credit : Sky Sports
အာဆင်နယ်ဟာ အောက်တိုဘာလတုန်းက ပီအက်စ်ဂျီကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ဖူးပေမယ့် လူးဝစ် အန်နရီကေးရဲ့ ပြုပြင်ပြောင်းလဲထားတဲ့ အသင်းက အင်္ဂါနေ့ညမှာ အဖွင့်ပိုင်း အတော်များများကို လွှမ်းမိုးကစားသွားခဲ့ပါတယ်။ အာတီတာက ပထမပိုင်း အလယ်လောက်မှာ နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု လုပ်ခဲ့ရတယ်လို့ ဆိုခဲ့သလို အဲ့ဒီနောက် အာဆင်နယ် ပိုကောင်းလာခဲ့ပြီး မယ်ရီနိုရဲ့ ခေါင်းတိုက်ဂိုး VAR ကြောင့် ပယ်ဖျက်မခံရခင် မိနစ်ပိုင်းအလိုမှာ မာတင်နယ်လီရဲ့ ကန်ချက်ကို ဒွန်နာရမ်မာ ကောင်းကောင်း ကာကွယ်ခဲ့ရပါတယ်။ ထရော့ဆတ်က ဒွန်နာရမ်မာကို နောက်တစ်ကြိမ် စမ်းသပ်ခဲ့ပေမယ့် ပွဲပြီးဖို့ ၁၀ မိနစ်အလိုမှာ ဘာကိုလာရဲ့ ကန်ချက် လွဲချော်သွားခဲ့ပြီး ရာမို့စ်ရဲ့ ကန်ချက် ဂိုးတိုင်ထိခဲ့တာကြောင့် အာဆင်နယ်တို့ သက်သာခဲ့ပါတယ်။
“ကျွန်တော် အရမ်းကောင်းတဲ့ အသင်းနှစ်သင်းကို တွေ့ခဲ့ရတယ်။ ဒါပေမယ့် ကွာခြားမှုက သိပ်သေးငယ်ပါတယ်။ သူတို့က ဂိုးရှေ့မှာ ထိရောက်မှုရှိခဲ့တယ်။ ဂိုးသမားကလည်း ရလဒ်ကို ကွာခြားသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ ဒွန်နာရမ်မာနဲ့ တစ်ယောက်ချင်း အခွင့်အရေး နှစ်ကြိမ်ရခဲ့တယ်။ အဲ့ဒါတွေသာ ဂိုးဝင်သွားရင် ဇာတ်လမ်းက တစ်မျိုးဖြစ်သွားမှာပါ။ ဒါပေမယ့် သူက ကာကွယ်နိုင်ခဲ့တယ်။ ဒါက ချန်ပီယံလိဂ်ရဲ့ ကွာခြားချက်ပဲ။ ကွာခြားမှုတွေက သိပ်သေးငယ်ပြီး ကျွန်တော်တို့ဘက်ကို မျက်နှာသာမပေးခဲ့ဘူး။” လို့ အာတီတာက ထပ်လောင်းပြောပါတယ်။