ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ၂ဂိုးပြတ်နဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရတဲ့ အတွက် နိုင်ပွဲ ဆာလောင်စိတ် နည်းပါးခဲ့တဲ့ ကစားသမားတွေကို စိတ်ပျက်မိကြောင်း ပွဲအပြီးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်ချက်စတာ စီးတီးနဲ့ အပြိုင် လုနေရတာကြောင့် အာဆင်နယ်နည်းပြ အာတီတာက ဝက်စ်ဟမ်းနဲ့ ပွဲမှာ အနိုင်ရလဒ် ရရှိရေး အတွက် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့သလို ပွဲစတယ် ဆိုတာနဲ့ တိုက်စစ်ဆင် ကစားကြဖို့ ကစားသမားတွေကို မှာကြားခဲ့ပါတယ်။

Photo Credit: Squawka

အာတီတာရဲ့ လမ်းညွှန်မှုအတိုင်းပဲ အာဆင်နယ် ကစားသမားတွေက ပွဲစတင်တာနဲ့ ဝက်စ်ဟမ်းဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့သလို ပွဲချိန် ၁၀မိနစ် အတွင်းမှာပဲ ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီး အာဆင်နယ် အတွက် ဦးဆောင်ဂိုးတွေကို အဓိက တိုက်စစ်မှူး ဂျေဇူးနဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်တို့က သွင်းယူပေးခဲ့ကြတာပါ။

၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် အာဆင်နယ်ကပဲ ပွဲကို ဆက်လက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပွဲချိန် ၃၃မိနစ်မှာ မထင်မှတ်ပဲ ပင်နယ်တီ ပြန်ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို ဝက်စ်ဟမ်း ကွင်းလယ်လူ ဘမ်ရာမာက အမှားအယွင်း မရှိ ကန်သွင်းကာ အိမ်ရှင် ဝက်စ်ဟမ်း အတွက် မျှော်လင့်ချက်တွေ ယူဆောင်ပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲက အပြန်အလှန် ဖြစ်လာခဲ့ပြီး ပွဲချိန် ၅၂မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ဆာကာက ဝင်အောင် မကန်နိုင်ခဲ့ပဲ ပွဲချိန် ၅၄မိနစ်မှာတော့ ဘိုဝင်က ဝက်စ်ဟမ်း အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Goal

ဝက်စ်ဟမ်း ၂-၂ အာဆင်နယ် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူကာ ပွဲကို အဆုံးသတ်ပစ်ရမယ့် အစား ပွဲကို ထိန်းကစားဖို့သာ ကြိုးစားခဲ့တဲ့ ကစားသမားတွေကို ဝေဖန်သွားခဲ့ပြီး ကစားသမားတွေက တတိယသွင်းဂိုး သွင်းယူဖို့ ရည်ရွယ်ချက် မရှိတာကြောင့် ဒီပွဲမှာ သရေကျခဲ့ရတာလို့ ဆိုလာပါတယ်။

အာတီတာက – “ဒီပွဲအတွက် အရမ်းကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့တွေ ပွဲကို စတင်ခဲ့တဲ့ ပုံစံက အတော်လေးကို ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပေမယ့် ၂ဂိုးနဲ့ ဦးဆောင်ပြီးနောက်မှာ ရည်မှန်းချက်တွေ ပျောက်သွားခဲ့ပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ကို မျှော်လင့်ချက်တွေ ပေးခဲ့မိတယ်။ ကျွန်တော်တို့က အတော်လေး ဆိုးရွားတဲ့ ပင်နယ်တီကို ခွင့်ပြုပေးခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ ဖြစ်ခဲ့တဲ့ အရာတွေ အတွက် ဝက်စ်ဟမ်းရဲ့ ကြိုးစား အားထုတ်မှုကို အသိအမှတ် ပြုရပါမယ်။ ကျွန်တော်တို့က ဘာမဆို ဖြစ်သွားနိုင်တဲ့ အခိုက်အတန့်တွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူတို့က ထောင့်ကန်ဘောတွေ ၊ လက်ပစ်ဘောတွေနဲ့ ကျွန်တော်တို့ကို ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့သလို ကျွန်တော်တို့ကလည်း အဲ့ဒါတွေကို မရှောင်လွှဲနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့တွေက တတိယဂိုး ၊ စတုတ္ထဂိုးတွေ သွင်းယူမယ့် ရည်မှန်းချက်တွေ လိုအပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ကစားသမားတွေမှာ အဲ့ဒီလို ရည်မှန်းချက်မျိုး မရှိပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။