ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းဘက်က ရသင့်တဲ့ ပင်နယ်တီတွေကို လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်ဒိုင် အန်ဒရူး မက်ဒလေကို ပွဲအပြီးမှာ ခနဲ့ကာ ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၉) အဖြစ် လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရနေတဲ့ နယူးကာဆယ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲဟာ အတော်လေးကို ကြည့်ကောင်းခဲ့ပါတယ်။

Photo Credit: Reuters

အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အားထည့် ကစားနေသလို နယူးကာဆယ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရရေး အတွက် အမှားမလုပ်လိုတာကြောင့် သူတို့နှစ်သင်းရဲ့ ပွဲစဉ်ဟာ ထင်ထားတာထက် ပိုမို ကြည့်ကောင်းခဲ့ပြီး အိမ်ရှင် အာဆင်နယ်ကတော့ ပွဲစပွဲဆုံး နယူးကာဆယ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ကာ နယူးကာဆယ်ကတော့ တန်ပြန်တိုက်စစ်တွေနဲ့သာ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။

နှစ်သင်းစလုံးက ကစားအား မကွာတဲ့ အသင်းတွေ ဖြစ်တာကြောင့် ပွဲက အတော်လေးကို မျှတခဲ့သလို နှစ်ဖက်အသင်းရဲ့ ခံစစ်ကြောင်းတွေကလည်း အမှားအယွင်း မရှိ ကစားသွားနိုင်တာကြောင့် ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ် ၀-၀ နယူးကာဆယ်ပွဲမှာ အာဆင်နယ်က ပင်နယ်တီ ရနိုင်တဲ့ ဖြစ်ရပ် ၂ကြိမ် အထိ ရှိခဲ့ပြီး ပထမတကြိမ်က အာဆင်နယ် နောက်ခံလူ ဂါဘရီရယ် တယောက် နယူးကာဆယ်ရဲ့ ဂိုးဧရိယာအတွင်းမှာ ဆွဲလှဲချခံခဲ့ရတဲ့ ဖြစ်ရပ် ဖြစ်ပြီး ဒုတိယတကြိမ်ကတော့ နယူးကာဆယ်ရဲ့ ကစားသမား တဦးဟာ ဂိုးဧရိယာအတွင်းမှာ လက်ထိခဲ့တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။

Photo Credit: Reuters

အာဆင်နယ်က ပင်နယ်တီ ရနိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်ဒရူး မက်ဒ်လေကတော့ အာဆင်နယ်ကို ပင်နယ်တီ ပေးဖို့ ငြင်းဆန်ခဲ့ပြီး အာဆင်နယ်နည်းပြ အာတီတာက မက်ဒ်လေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ် ကျေနပ်မှု မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ အာတီတာက ပွဲပြီးဆုံးချိန်မှာ သူတို့အသင်းဟာ ရသင့်တဲ့ ပင်နယ်တီတွေ မရခဲ့တာကြောင့် ရမှတ် ၂မှတ် ဆုံးရှုံးခဲ့ရတယ်လို့ ပြောရင်း မက်ဒ်လေကို ဝေဖန်သွားခဲ့တာပါ။

အာတီတာက – “ကျွန်တော်က ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်။ ဒီနေ့ပွဲမှာ သူတို့တွေ ဆော့သွားတဲ့ ပုံစံ ၊ ပြိုင်ဘက်ကို ဖိအားပေးမှုတွေနဲ့ ပွဲစပွဲဆုံး အနိုင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့မှုတွေ အားလုံးက ဂုဏ်ယူစရာကောင်းပါတယ်။ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ ရောက်သွားချိန်မှာမှ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ ကျွန်တော်တို့က ပိုကောင်းတဲ့ အဆုံးသတ်မှုတွေနဲ့ သွင်းဂိုးတွေ ရအောင် ကြိုးစားခဲ့သင့်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ရသင့်တဲ့ ပင်နယ်တီ ၂လုံးကိုလည်း မရခဲ့ပါဘူး။ ကျွန်တော်တို့တွေက ပင်နယ်တီ ၂လုံး အထိ ရခဲ့သင့်ပါတယ်။ အဲ့ဒီ ပင်နယ်တီတွေက အတော်လေးကို ရှင်းလင်းတဲ့ ပင်နယ်တီတွေပါ။ ကျွန်တော်တို့က ရသင့်တဲ့ ပင်နယ်တီ ၂လုံး မရခဲ့တာကြောင့် အခုလို ဖြစ်ခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။