ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပို့တင်း လစ္စဘွန်းနဲ့ ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ တဖက် ၂ဂိုးစီ သရေရလဒ်မျိုး ထွက်ပေါ်ခဲ့ရတာဟာ ခံစစ်ပိုင်းရဲ့ အားနည်းချက်တွေကြောင့် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်က ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲ အဖြစ် ပေါ်တူဂီ နာမည်ကြီးကလပ် စပို့တင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ အာဆင်နယ်က နောက်ခံလူ ဆာလီဘာရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ အဖွင့်ဂိုး စရခဲ့ပေမယ့် ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည် ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: The Sun

စပို့တင်း လစ္စဘွန်း ၂-၂ အာဆင်နယ် ပွဲစဉ်မှာ အိမ်ရှင် စပို့တင်းက အဓိက ကစားသမား အများအပြားကို ထုတ်သုံးခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားကို အာရုံစိုက် ကစားဖို့ ဆုံးဖြတ်ထားတဲ့ အာဆင်နယ်ကတော့ အဓိက ကစားသမားတွေ ဖြစ်ကြတဲ့ အိုဒီဂတ် ၊ ရမ်စဒယ် ၊ ပါတေးနဲ့ ဂါဘရီရယ်တို့လို ကစားသမားတွေကို အနားပေးခဲ့ပါတယ်။

အဆိုပါပွဲမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းတွေက များစွာ ကွာခြားလှခြင်း မရှိပဲ ဧည့်သည် အာဆင်နယ်က ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပေမယ့် အိမ်ရှင် စပို့တင်းက အဆုံးသတ်ပိုင်း ပိုမို သေချာခဲ့ပါတယ်။ စပို့တင်း လစ္စဘွန်း အတွက် သွင်းဂိုးတွေကို ပွဲချိန် ၃၄မိနစ်မှာ အဓိက နောက်ခံလူ အင်နာစီယိုနဲ့ ပွဲချိန် ၅၅မိနစ်မှာ တိုက်စစ်မှူး ပေါ်လင်ဟိုတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး အာဆင်နယ်အတွက် သွင်းဂိုးတွေကတော့ ဆာလီဘာရဲ့ ခေါင်းတိုက်မှုနဲ့ စပို့တင်း ကွင်းလယ်လူ မော်ရီတာရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ တဆင့် ရရှိခဲ့တာပါ။

Photo Credit: The Sun

ပွဲပြီးဆုံးချိန်မှာတော့ အာဆင်နယ်နည်းပြ အာတီတာက အဝေးကွင်းမှာ နိုင်ပွဲ မရခဲ့တဲ့ အတွက် စိတ်ပျက်နေပြီး ခံစစ်ကြောင်း အမှားတွေကြောင့် မပေးသင့်တဲ့ သွင်းဂိုးတွေ ပေးခဲ့ရတာလို့ ဆိုလာပါတယ်။ အာတီတာက – “ကျွန်တော်တို့က အရမ်းကို ရိုးရှင်းတဲ့ ပေးဂိုးတွေ ခွင့်ပြုပေးခဲ့ရတာပါ။ ကျွန်တော်က ကစားသမားတွေကို ခံစစ်စည်း အတွင်းမှာ ရှိနေတဲ့ နေရာတွေကို သတိထားဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့က တဖက်ရဲ့ တိုက်စစ်ကို ကောင်းကောင်း မဟန့်တားနိုင်ခဲ့သလို တဖက်ရဲ့ ခံစစ်ကြောင်းကိုလည်း ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့က ကစားသမား အပြောင်းအလဲ တချို့ လုပ်ခဲ့တာကြောင့် ကစားဟန် တခု ရဖို့ အချိန်ယူရတာမျိုး ရှိတတ်ပါတယ်။ ကျွန်တော်တို့က ပွဲချိန် ၁၅မိနစ်လောက် အထိ ကစားဟန် တခုကို မတည်ဆောက်နိုင်သေးတာ ခင်ဗျားတို့ တွေ့ကြပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။