ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂၃)မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရပေမယ့် တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ဘရန့်ဖို့ဒ်ရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်ကြောင်း ပြောကြားရင်း ကွင်းလယ်ဒိုင်နဲ့ VARတို့ကို ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ် ၁-၁ ဘရန့်ဖို့ဒ် ပွဲစဉ်မှာ အာတီတာက အသင်းရဲ့ အတောင့်တင်းဆုံး ပုံစံနဲ့ ပွဲထွက်လူစာရင်းကို ပြင်ဆင်လာခဲ့သလို ခါတိုင်းပွဲတွေမှာ ကစားနေကြ ကစားပုံအတိုင်း ကစားဖို့ စီစဉ်ခဲ့ပေမယ့် အာဆင်နယ်ဟာ ဘရန့်ဖို့ဒ်ရဲ့ မာမာထန်ထန် တုံ့ပြန် ကစားမှုကြောင့် ပွဲအစမှာတင် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit: Football London

အဆိုပါပွဲမှာ ဘရန့်ဖို့ဒ်နည်းပြ ဖရန့်က ပြီးခဲ့တဲ့ တပတ်မှာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့ အဲဗာတန်နည်းပြ ရှောင်ဒိုက်ရဲ့ နည်းစနစ်အတိုင်း အမြင့်ဘောတွေ ၊ အဝေးဘောတွေ သုံးကာ အာဆင်နယ်ကို ဒုက္ခပေးဖို့ စီစဉ်ခဲ့ပြီး သူ့ရဲ့ အစီအစဉ်က အောင်မြင်ခဲ့ပြီး ပထမပိုင်းမှာတင် ဘရန့်ဖို့ဒ်က ဦးဆောင်ဂိုး ရရှိနိုင်မယ့် အခွင့်အရေးကောင်း များစွာကို ရရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒုတိယပိုင်းမှာ အာတီတာက အသင်းရဲ့ ကစားဟန်ကို ပြောင်းလဲ ပြင်ဆင်ခဲ့ပြီး ဘယ်ခြမ်းမှာ ဇင်ချန်ကိုနဲ့ အတွဲညီဖို့ ခက်နေတဲ့ မာတီနယ်လီကို ထုတ်ကာ ကစားသမားသစ် ထရော့ဆက်ကို ထည့်သွင်း ကစားစေခဲ့ကာ ပွဲချိန် ၆၆မိနစ်မှာ ထရော့ဆက်က အာဆင်နယ် အတွက် အဖွင့်ဂိုးကို သွင်းယူပေးရင်း အာတီတာရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့ပါတယ်။

Photo Credit: Football London

ဒါပေမယ့် အာဆင်နယ်ရဲ့ အပျော်တွေက ၈မိနစ် ဝန်းကျင်သာ ခံခဲ့ပြီး ပွဲချိန် ၇၄မိနစ်မှာတော့ ဂိုးဧရိယာ အတွင်း ရှုပ်ယှက်ခတ်နေတဲ့ အနေအထား ကနေ နော်ဂတ်ရဲ့ ချပေးမှုကို ဘရန့်ဖို့ဒ် တိုက်စစ်မှူး တိုနေးက အမှားအယွင်း မရှိ ခေါင်းတိုက်ကာ ဂိုးသွင်းယူရင်း ဘရန့်ဖို့ဒ် အတွက် အဖိုးတန် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ အာတီတာက ဘရန့်ဖို့ဒ်ရဲ့ ချေပဂိုးဟာ လူကျွံဘော ဖြစ်ကြောင်းနဲ့ ဒိုင်လူကြီးတွေရဲ့ လိုအပ်ချက်ကြောင့် သူတို့တွေက သရေတမှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါလို့ ပြောလာပါတယ်။ အာတီတာက – “ကျွန်တော်က သူတို့ရဲ့ သွင်းဂိုးကို ပြန်ကြည့်ပြီးပါပြီ။ အဲ့ဒီဂိုးက လူကျွံဘောပါ။ ကျွန်တော်တို့က ဒီတပတ်ထဲမှာပဲ အဲ့ဒီဂိုးနဲ့ ပတ်သတ်ပြီး ဖြေရှင်းချက် တခု ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့က အဲ့ဒီဂိုးနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မရခဲ့ပါဘူး။ ပွဲပြီးမှ ဖြေရှင်းချက် ပို့တာဟာ အရမ်းကို နောက်ကျသွားပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က အဆင်ပြေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။