ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ မီခေး အာတီတာက ပြီးခဲ့တဲ့ အင်္ဂနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၀-၂ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က စီးတီးဂိုးသမား အော်တီဂါနဲ့ တဦးချင်း ရင်ဆိုင် တွေ့ချိန်မှာ ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့မိကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်နဲ့ လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာ စီးတီးတို့က ဒီရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် အပြိုင် ဖြစ်နေကြတဲ့ အသင်းတွေ ဖြစ်ကြပြီး အာဆင်နယ်က အင်္ဂါနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးနဲ့ မန်ချက်စတာ စီးတီးတို့ ပွဲမတိုင်ခင်အထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ရမှတ် (၁)မှတ်အသာနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

အကယ်၍ မန်ချက်စတာ စီးတီးကသာ အဲ့ဒီပွဲမှာ သရေ (သို့) အရှုံး ရလဒ်မျိုး ရခဲ့မယ် ဆိုရင် အာဆင်နယ်က ရာသီပိတ်ပွဲ ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲမှာ အနိုင်ရရုံနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်မှာ ဖြစ်ပေမယ့် အာဆင်နယ်တို့ မျှော်မှန်းထားသလို ဖြစ်မလာပဲ မန်ချက်စတာ စီးတီးက အဓိက တိုက်စစ်မှူး ဟာလန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့ စပါးကို အဝေးကွင်းမှာ အနိုင်ရရှိကာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို ပြန်လည် သိမ်းပိုက်သွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက စပါးကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲအလှည့်အပြောင်း ဖြစ်စေနိုင်တဲ့ အခိုက်အတန့် တခု ရှိခဲ့ပြီး အဲ့ဒါကတော့ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်နဲ့ မန်ချက်စတာ စီးတီး ဂိုးသမား အော်တီဂါတို့ တဦးချင်း တွေ့ခဲ့တဲ့ အခိုက်တန့်ပဲ ဖြစ်ပါတယ်။ အဆိုပါပွဲရဲ့ ပွဲချိန် မိနစ် ၈၀ကျော်မှာ ဆွန်ဟောင်မင်က အော်တီဂါနဲ့ တဦးချင်း ရင်ဆိုင် တွေ့ကာ အပိုင်ဂိုးသွင်းခွင့် ရခဲ့ပြီး သူ့ရဲ့ ကန်ချက်သာ ဂိုးဝင်ခဲ့မယ် ဆိုရင် အဲ့ဒီပွဲက သရေရလဒ်နဲ့ ပြီးဆုံးဖို့ ရာခိုင်နှုန်း များခဲ့ပေမယ့် ဆွန်ဟောင်မင်က ရလာတဲ့ အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။

Photo Credit: The Standard

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ ပရိသတ်အများစုက အပိုင်ဂိုးသွင်းခွင့်ကို အဆုံးမသတ်နိုင်ခဲ့တဲ့ ဆွန်ဟောင်မင်ကို သူတို့ရဲ့ ချန်ပီယံအိမ်မက်အား ဖျက်ဆီးသူလို့ ခေါင်းစဉ်တပ်ကာ အမျိုးမျိုး ဝေဖန်နေကြပြီး အာဆင်နယ်နည်းပြချုပ် အာတီတာကလည်း သူဟာ ဆွန်ဟောင်မင်က စီးတီးဘက်ကို ဂိုးသွင်းနိုင်ဖို့ မျှော်လင့်ခဲ့မိတယ်လို့ ဆိုလာပါတယ်။

အာတီတာက – “တကယ်လို့ ကျွန်တော်ကသာ အဲ့ဒီအခိုက်အတန့် အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ကစားသမား တဦးကို ရွေးချယ်ရမယ် ဆိုရင် ဆွန်ဟောင်မင်ကိုပဲ ထပ်ရွေးပါမယ်။ ကျွန်တော်က သူ ဂိုးသွင်းနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်လာခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။