အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ် အမျိုးသမီးအသင်းနဲ့ ရီးယဲလ် မက်ဒရစ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒုတိယပိုင်း ပွဲကစားချိန် (၁၃)မိနစ်အတွင်းမှာပဲ အာဆင်နယ်က (၃)ဂိုးသွင်းယူနိုင်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး (၂)ဂိုးနဲ့ အာဆင်နယ်တို့ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားခဲ့ပါတယ်။
ပထမအကျော့တုန်းက ရီးယဲလ် အမျိုးသမီးအသင်းဟာ အာဆင်နယ် အမျိုးသမီးအသင်းကို စပိန်မြေမှာ (၂)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သလို အခု ဒုကျော့မှာလည်း ပထမပိုင်း ပွဲချိန်အတွင်း ဂိုးမရှိသရေရအောင် ကစားခဲ့ပေမယ့် ဒုတိယပိုင်း ပြန်လည် စတင်ချိန် ခွင့်ပြုလိုက်ရတဲ့ ဂိုးတွေကြောင့် ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။
Photo Credit : The Independent
အာဆင်နယ် အမျိုးသမီးအသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်ကစားသမား အလီဆီယာ ရူဆိုက (၂)ဂိုး သွင်းယူပေးခဲ့သလို ဘာစီလိုနာ တိုက်စစ်မှူးဟောင်း မာရီယိုနာ ကယ်လ်ဒန်တီကလည်း (၁)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီဂိုး (၃)ဂိုးလုံးကို (၄၆)မိနစ် (၄၉)မိနစ်နဲ့ (၅၉)မိနစ်တွေမှာ သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
ရီးယဲလ် အမျိုးသမီးအသင်းအနေနဲ့ ဒီပွဲမတိုင်ခင် အယ်လ်ကလက်စီကိုမှာ ဘာစီလိုနာ အမျိုးသမီးအသင်းကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ယူထားခဲ့သလို ပကျော့ရလဒ်အရလည်း အားသာချက် အပြည့်ရှိနေရပေမယ့်လည်း ဒါကို အသုံးမချနိုင်ခဲ့ဘဲ (၃)ဂိုး ခွင့်ပြုခဲ့ပြီး ကွာတားဖိုင်နယ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။
Photo Credit : Managing Madird
ဆီမီးဖိုင်နယ်အထိ တက်လှမ်းသွားခဲ့တဲ့ အာဆင်နယ် အမျိုးသမီးအသင်းကတော့ ဆီမီးမှာတော့ အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ လိုင်ယွန် အမျိုးသမီးအသင်းနဲ့ တွေ့ဆုံလို့နေပြီး ဒါဟာ အာဆင်နယ် အမျိုးသမီးအသင်းအတွက် နောက်ထပ် ကြီးမားတဲ့ စမ်းသပ်မှုကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။
အာဆင်နယ် အမျိုးသမီးအသင်းဟာလည်း ၂၀၀၇ခုနှစ်မှာပဲ အမျိုးသမီး ချန်ပီယံလိဂ်ပြ်ိုင်ပွဲမှာ ချန်ပီယံတစ်ကြိမ် ဖြစ်ထားခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်းကတည်းက အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေခဲ့ရပါတယ်။ အခု သူတို့ ရင်ဆိုင်ရမယ့် လိုင်ယွန် အမျိုးသမီးအသင်းကတော့ ချန်ပီယံ (၈)ကြိမ် ဖြစ်ထားခဲ့သလို ဖိုင်နယ်ကို (၁၁)ကြိမ်အထိပါ တက်လှမ်းထားနိုင်ခဲ့ပါတယ်။