ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းကို နောက်ကောက်ချကာ ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံခဲ့တဲ့ မန်ချက်စတာ စီးတီးရဲ့ အစွန်ခံစစ်မှူး တဦး ဖြစ်သူ ကန်ဆယ်လို အတွက် တရားဝင် ကမ်းလှမ်းမှု တရပ် ပြုလုပ်တော့မယ်လို့ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၇နှစ် အရွယ် ပေါ်တူဂီ လက်ရွေးစင် အစွန်ခံစစ်မှူး ကန်ဆယ်လိုက ဘယ် ၊ ညာ ခံစစ်နှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီ အစမှာ မန်ချက်စတာ စီးတီးရဲ့ အဓိက ခံစစ်မှူး အဖြစ် ခြေစွမ်းပြ ကစားခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ ပွဲထွက်ခွင့် သိပ်မရတော့တာကြောင့် ဇန်နဝါရီဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီး ကနေ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Goal

ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်မှာလည်း ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုရဲ့ အငှားစာချုပ်ထဲမှာ ပါဝင်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းကို ပေးချေကာ ကန်ဆယ်လိုကို အပြီးသတ် ခေါ်ဖို့ စိတ်ကူးမရှိတာကြောင့် ကန်ဆယ်လိုဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ စီးတီးဆီ ပြန်လာရတော့မှာပဲ ဖြစ်ပါတယ်။

ကန်ဆယ်လိုက မန်ချက်စတာ စီးတီးဆီ ပြန်လာရတော့မှာ ဖြစ်ပေမယ့် မန်ချက်စတာ စီးတီးမှာ ဆက်ကစားဖို့ ဆန္ဒမရှိတော့သလို မန်ချက်စတာ စီးတီးကလည်း ကန်ဆယ်လိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြန်လည် ရောင်းထုတ်ချင်နေပါတယ်။

Photo Credit: Inside Sports

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်ခဲ့တဲ့ အာဆင်နယ် အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ကန်ဆယ်လိုကို လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပြီး မန်ချက်စတာ စီးတီးကတော့ ကန်ဆယ်လို အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Team Talkရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ကန်ဆယ်လိုကို ခေါ်ယူဖို့ အတွက် ကန်ဆယ်လိုရဲ့ အေးဂျင့်ဖြစ်သူထံ စတင် ဆက်သွယ်နေသလို တဖက်မှာလည်း ကန်ဆယ်လို အတွက် မန်ချက်စတာ စီးတီးထံ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်နေပြီး အာဆင်နယ်က ကန်ဆယ်လိုကို ပြောင်းရွှေ့ကြေး ယူရို ၃၅သန်းနဲ့ စတင် ကမ်းလှမ်းရန် စီစဉ်ထားကြောင်း သိရပါတယ်။