အာဆင်နယ်အသင်းကတော့ အက်စတွန် ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဒေါက်ကလပ် လူးဝစ်ဇ်ကို ခေါ်ယူဖို့အတွက် အဆင်မပြေမှုတွေ ရှိနေမယ်ဆိုရင် နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ အဲဗာတန်က အာမာဒူ အိုနာနာကိုသာ ပြောင်းလဲ ပစ်မှတ်ထားလာနိုင်ပါတယ်။

အာဆင်နယ်ဟာ အသင်း ကွင်းလယ်ပိုင်းအတွက် ဗီလာရဲ့ ဘရာဇီးလ် ကွင်းလယ်လူ လူးဝစ်ဇ်ကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့်လည်း ဗီလာဘက်က လူးဝစ်ဇ်ကို ရောင်းချဖို့ အစီအစဉ် မရှိသလို ရောင်းချရမယ်ဆိုရင်လည်း ပေါင် သန်း(၁၀၀)ထိ အလိုရှိနေတာကြောင့် အာဆင်နယ်အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။

Photo Credit : TEAMtalk

ဒါကြောင့် အာဆင်နယ်က လူးဝစ်ဇ်ကို ခေါ်ယူဖို့ထက် အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ အိုနာနာကို ပြောင်းလဲ ချိန်ရွယ်လာခဲ့တယ်လို့ TEAMtalk ကနေ ဖော်ပြလာခဲ့ပါတယ်။ အသက် (၂၂)နှစ်သာ ရှိနေသေးတဲ့ လိုင်လီကစားသမားဟောင်း အိုနာနာကို အာဆင်နယ်လိုပဲ မန်ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကမှ လိုင်လီကနေ အဲဗာတန်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ အိုနာနာဟာ သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ခဲ့လို့ သူ့ကို ကလပ်အသင်းများစွာက စတင် သတိထားလာမိပါတယ်။

Photo Credit : Football365

ချယ်လ်ဆီးအသင်းဆိုရင် ဒီနွေမှာပဲ အိုနာနာကို ပစ်မှတ်ထားမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကိုင်စီဒို လာဗီလာတို့ကိုသာ ခေါ်ယူဖြစ်ခဲ့လို့ မကြိုးပမ်းတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ သူ့ကို ယူနိုက်တက်အပြင် အာဆင်နယ်ကပါ ထပ်တိုး စိတ်ဝင်စားလာခဲ့ပါတယ်။

ကွင်းလယ်ခံစစ်နေရာမှာ ကစားတတ်သူဖြစ်တဲ့ အိုနာနာကို အာဆင်နယ်က ဂါနာ ကွင်းလယ်လူ သောမတ်စ် ပါတေးနေရာမှာ အစားထိုးသွားချင်နေသလို ယူနိုက်တက်ကလည်း ကက်စီမဲရိုး နေရာအတွက် အိုနာနာကို အလိုရှိနေပါတယ်။