အာဆင်နယ်အသင်းကတော့ အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ယိုရီတီလေမန်းစ်ကို လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ဝန်းကျင်ခန့်နဲ့ ထပ်မံ ကမ်းလှမ်းသွားဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေမှာ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို အသေအချာ လုပ်ဆောင်ထားပြီး လိုအပ်နေတဲ့ ကစားသမားတွေ ဖြည့်တင်းနိုင်ခဲ့တာကြောင့် အသင်းက ပိုမို အားကောင်းလာရကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာပါ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ အခုလည်း အာဆင်နယ်အသင်းက ကစားသမားအင်အားကို ပိုမို တောင့်တင်းနေစေဖို့အတွက် တိုက်စစ်ပိုင်းအတွက်နဲ့ ကွင်းလယ်ပိုင်းတို့အတွက် အားဖြည့်မှုတွေ လုပ်ဆောင်ချင်နေပြီး ကွင်းလယ်ပိုင်းအတွက်ကိုလည်း ပစ်မှတ်ဟောင်း တီလေမန်းစ်နဲ့ လာဇီယို ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်တို့ကို ပစ်မှတ်ထားလို့နေပါတယ်။

Photo Credit : Pain in the Arsenal

လက်စတာရဲ့ဘယ်လ်ဂျီယံ ကွင်းလယ်လူ တီလေမန်းစ်နဲ့ လာဇီယိုရဲ့ ဆာဘီးယား ကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်တို့ နှစ်ဦးမှာ မီလင်ကိုဗစ်က အရည်အသွေးပိုကောင်းတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း တီလေမန်းစ်က ပရီးမီးယားလိဂ် အတွေ့အကြုံတွေ ပိုမို ကြွယ်ဝပြီး အာဆင်နယ်နဲ့လည်း အံ့ဝင်နိုင်မယ့် ကစားသမားမျိုးလည်း ဖြစ်တာကြောင့် တီလေမန်းစ်ကို ဦးစားပေး ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်စတာရဲ့ အဓိက ကစားသမား တီလေမန်းစ်က ဒီရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်သလို အသင်းရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကိုလည်း တုံ့ပြန်ထားခြင်း မရှိတာကြောင့် သူ့ကို ဆောင်းဈေးကွက်မှာသာ ခေါ်ယူမယ်ဆိုရင် cut-price တန်ကြေးနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကစားသမားတွေက ကမ္ဘာ့ဖလား ဆင်နွဲထားမှုကြောင့် ပွဲပန်းမှုတွေ ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရတဲ့အပြင် ပွဲစဉ်တွေများစွာ ဆက်တိုက် ကစားရတော့မယ့် အခြေအနေတွေကြောင့် ဆောင်းဈေးကွက်အတွင်း ကစားသမား ဖြည့်တင်းမှုတွေကို ရသလောက် လုပ်ဆောင်ချင်နေတာဖြစ်ပြီး အာဆင်နယ်လည်း သူတို့ အလိုရှိနေတဲ့ တီလေမန်းစ်အတွက် လက်စတာဘက်က လက်ခံနိုင်လောက်မယ့် ပမာဏမျိုးနဲ့ ကမ်းလှမ်းလာဖွယ် ရှိနေပါတယ်။