အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းကို နောက်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးဆီ တိုက်ရိုက် ဝင်ခွင့်ပြုနေတဲ့အပေါ် ပြန်လည် သုံးသပ်သင့်တယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက်နဲ့ တော့တင်ဟမ် ဟော့စပါးအသင်းတို့ဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက်ဖို့ နီးစပ်နေကြပြီး ဆီမီးဖိုင်နယ် ပထမအကျော့တွေမှာ မန်ယူနိုက်တက်က ဘီလ်ဘာအိုကို ၃-၀ ၊ စပါးကတော့ ဘိုဒို/ဂလင်းမ်အသင်းကို ၃-၁ တို့နဲ့ အသီးသီး အနိုင်ရထားကြပါတယ်။

Photo Credit : Goal

လက်ရှိ FIFA ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံ့ဖြိုးရေးဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ယူထားတဲ့ ဝင်းဂါးက ယူရိုပါလိဂ် ဗိုလ်စွဲတဲ့အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲဆီကို တက်ရောက် ကစားခွင့်ရမယ့်အစား နောက်ရာသီအတွက် ယူရိုပါလိဂ်မှာပဲ အလိုအလျောက် ဝင်ခွင့်ရသင့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မြင်နေပါတယ်။

beIN Sports ရုပ်သံကနေ ဝင်းဂါးကို ယူရိုပါလိဂ် ဗိုလ်စွဲတဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရတာ မှန်ကန်ပါသလားလို့ မေးမြန်းခံရတဲ့အခါ ဝင်းဂါးက “မမှန်ဘူး။ ဒါပေမယ့် ယူရိုပါလိဂ် ဗိုလ်စွဲတဲ့ အသင်းက ချန်ပီယံလိဂ်အတွက် ခြေစစ်ပွဲ ကစားဖို့ ဆုံးဖြတ်ချက် ချထားတယ်ဆိုရင်တော့ မှန်ကန်တယ်လို့ ပြောရမှာပေါ့။ သူတို့က ချန်ပီယံလိဂ်အတွက် မဟုတ်ဘဲ ယူရိုပါလိဂ်မှာပဲ အလိုအလျောက် ပြန်ဝင်ခွင့်ရသင့်တယ်။ အထူးသဖြင့် အသင်း(၅)သင်းလောက် ဝင်ခွင့်ရနေတဲ့ လိဂ်တွေမှာဆို ပိုဆိုးတာပေါ့။ ဒါကြောင့် ကျွန်တော်တို့ ကြည့်လိုက်ရင် ဒါကို ပြန်ပြီး သုံးသပ်ဖို့ စဉ်းစားသင့်တဲ့ ကိစ္စတစ်ခု ဖြစ်နိုင်တယ်။ တစ်ဖက်မှာကျတော့လည်း ယူရိုပါလိဂ်ကို စိတ်ဝင်စားဖို့ကောင်းအောင် အာရုံစိုက်မှုရအောင်နဲ့ လှုံ့ဆော်မှုဖြစ်စေဖို့အတွက် ချန်ပီယံလိဂ် ဝင်ခွင့် ဆုကြေးက လိုအပ်တယ်လို့ လူတွေက ပြောကြလိမ့်မယ်။” လို့ ရှင်းလင်း ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အခု ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ဆီ ရောက်ရှိနေကြတဲ့ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အမှတ်ပေးဇယားမှာ ဆိုးရွှားတဲ့ အဆင့်ရပ်တည်ချက်တွေနဲ့ ရပ်တည်နေကြသလို နှစ်သင်းလုံးရဲ့ လိဂ်ပွဲရလဒ်နဲ့ စွမ်းဆောင်ရည်တွေကလည်း အတော်လေး အခြေအနေဆိုးနေကြပါတယ်။ ဒီလိုတွေ ဖြစ်နေကြပေမယ့်လည်း နှစ်သင်းလုံးက ယူရိုပါလိဂ် လမ်းကြောင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ မျှော်လင့်ချက်ကိုယ်စီ ရှိနေကြပါတယ်။

ဝင်းဂါးရဲ့ အခုလို ပြောဆိုမှု မတိုင်ခင်မှာလည်း ဝင်းဂါးလက်အောက်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ပီတစ်ကပါ ယူရိုပါလိဂ်လမ်းကြောင်းကနေ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနေတာတွေ မဖြစ်သင့်တော့ဘူးလို့ မှတ်ချက်ပြု ပြောဆိုခဲ့ပါသေးတယ်။ ဒီတစ်ပတ်ရဲ့ ကြားရက်မှာတော့ ယူနိုက်တက်က ဘီလ်ဘာအိုကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံရမှာဖြစ်ပြီး စပါးကတော့ နော်ဝေမြေမှာ ဘိုဒို/ဂလင်းမ်ကို သွားရောက် ရင်ဆိုင်ရပါမယ်။