ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် ဖြစ်သူ အာတီတာကတော့ သူတို့အသင်းဟာ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ ခြေစွမ်းပိုင်းအရ အားရစရာ အနေအထား တရပ်မှာ မရှိခဲ့ပဲ ကံကူခဲ့လို့သာ အနိုင်ရသွားခဲ့တာပါလို့ ပွဲအပြီးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ တောက်လျှောက် ဆိုသလို နိုင်ထားတဲ့ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ်(၁၁) အဖြစ် လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ခြေစွမ်းပိုင်းအရ အသာစီး မရခဲ့ပေမယ့် နံပါတ်တစ် ဂိုးသမား ရမ်စဒယ်ရဲ့ အကောင်းဆုံး လက်စွမ်းတွေကြောင့် အဝေးကွင်းမှာ နိုင်ပွဲ ၁ပွဲ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

လိဒ်ယူနိုက်တက် ၀-၁ အာဆင်နယ် ပွဲစဉ်မှာ အာဆင်နယ်က အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းခဲ့ပေမယ့် လိဒ်ယူနိုက်တက်က ပရိသတ်တွေရဲ့ အားပေးမှု ၊ အသင်းလိုက် ကစားအား ကောင်းမွန်မှုတို့ကြောင့် အာဆင်နယ်ကို ပွဲစပွဲဆုံး ဖိအားပေးနိုင်ခဲ့ပြီး လိဒ်ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး ဘန်းဖို့ဒ် တယောက် ပင်နယ်တီ လွဲချော်ခဲ့တာကြောင့်သာ အာဆင်နယ်အနေနဲ့ သက်သာရာ ရခဲ့တာပါ။

အဆိုပါပွဲမှာ အာဆင်နယ် အတွက် အရေးပါတဲ့ အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၃၅မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဘူကာယို ဆာကာက တန်ပြန်တိုက်စစ် ကနေ ရလာတဲ့ အခွင့်အရေးကို လှလှပပ အဆုံးသတ်ကာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ အာတီတာက လိဒ်ယူနိုက်တက်ရဲ့ ဂိုးသွင်းခွင့်တွေကို စွမ်းစွမ်းတမံ ကာကွယ်ပေးခဲ့တဲ့ အဓိက ဂိုးသမား ရမ်စဒယ်ကို ချီးကျူးမှုတွေ လုပ်ဆောင်ခဲ့သလို သူတို့အသင်းဟာ ကံကောင်းလို့သာ အနိုင်ရခဲ့တာပါလို့ ဝန်ခံသွားခဲ့ပါတယ်။

Photo Credit: The Sun

အာတီတာက – “ဒီနေ့ပွဲမှာ သူတို့အသင်းရဲ့ ကစားအားကောင်းမှု ၊ ပရိသတ် အားပေးမှုတို့ကြောင့် ကျွန်တော်တို့တွေ ဒုက္ခရောက်နိုင်တဲ့ အခိုက်အတန့်တွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲ့ဒါတွေကို အကောင်းဆုံး ဖြေရှင်းနိုင်ခဲ့သလို အနိုင်ရလဒ်နဲ့အတူ အိမ်ပြန်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အတော်လေးကို ဖိအားပေးခံခဲ့ရတာပါ။ ကျွန်တော်တို့က ဘောလုံးတွေ မကြာခဏ ရတတ်သလို ဘောလုံးတွေကိုလည်း အန္တရာယ် ရှိတဲ့ နေရာတွေမှာ မကြာခဏ ဆုံးရှုံးခဲ့ရပါတယ်။ ကျွန်တော်တို့က အတော်လေး ကံကောင်းလို့သာ အနိုင်ရခဲ့တာပါ။ ဒီပွဲမှာ ရမ်စဒယ်ရဲ့ လက်စွမ်းကလည်း အတော်လေးကို ကောင်းခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။