အာဆင်နယ်အသင်းဟာ သူတို့ရဲ့ အဓိကပစ်မှတ် တိုက်စစ်မှူးတွေဖြစ်တဲ့ ဘင်ဂျမင် ဆက်စ်ကိုနဲ့ ဗစ်တာ ယိုကီရက်စ်တို့ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ရပ်တန့်နေတာကြောင့် တိုက်စစ်ပိုင်းအတွက် Plan C လို့ခေါ်ရမယ့် အရန်အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေရပြီ ဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာ ဇူလိုင်လလယ်မှာ စတင်မယ့် စင်္ကာပူနဲ့ ဟောင်ကောင် ရာသီကြိုခရီးစဉ်မတိုင်ခင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဆွေးနွေးမှုတွေဟာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေတာကြောင့် အာဆင်နယ်တို့အနေနဲ့ သူတို့ရဲ့ ချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်နေရပြီ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

လိုက်ပ်ဇစ်အသင်းရဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ တစ်ချိန်က အာဆင်နယ်ရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ ထိပ်ဆုံးက ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ် ဆလိုဗေးနီးယားကြယ်ပွင့်ကို ဂျာမနီကလပ်ကနေ ခေါ်ယူနိုင်ဖို့ ပေါင်သန်း(၆၀)လောက်နဲ့ လုံလောက်ပြီလို့ အစပိုင်းမှာ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ လိုက်ပ်ဇစ်က ဆက်စ်ကိုရဲ့ စာချုပ်ပါလျော်ကြေး ပေါင်သန်း(၇၀)နီးပါးအထိ တောင်းဆိုလာခဲ့ပါတယ်။ ဒီလိုရုတ်တရက် ဈေးနှုန်းမြင့်တက်လာမှုကြောင့် အာဆင်နယ်တို့ဟာ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ ချီတုံချတုံဖြစ်လာပြီး အစီအစဉ်တွေကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။ ဒါ့အပြင် ဆော်ဒီကလပ်နှစ်သင်းကပါ စိတ်ဝင်စားလာတာကြောင့် ထိန်းမနိုင်သိမ်းမရဖြစ်နိုင်တဲ့ ဈေးပြိုင်ဆွဲတဲ့အခြေအနေမျိုးထဲ ပါဝင်သွားရမှာကို အာဆင်နယ်တို့ စိုးရိမ်နေပါတယ်။

ပေါ်တူဂီမှာ အကောင်းဆုံးခြေစွမ်းပြပြီး စပို့တင်း လစ္စဘွန်းအသင်းကို ပြည်တွင်းလိဂ်ဖလားရအောင် လမ်းပြနိုင်ခဲ့တဲ့ ယိုကီရက်စ်ဟာလည်း အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းသတင်းတွေအရ ဆွီဒင်တိုက်စစ်မှူးကို သူ့ရဲ့စာချုပ်ပါ အပြီးသတ်ဝယ်ယူနိုင်တဲ့ ပေါင်(၈၅)သန်းအောက်နဲ့ ခေါ်ယူနိုင်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ စပို့တင်းဥက္ကဋ္ဌ ဖရက်ဒရီကို ဗာရန်ဒက်စ်က ဂီယိုကီရက်စ်ကို ပေါင်(၅၉)သန်းနဲ့ ထွက်ခွာခွင့်ပြုမယ့် gentleman agreement ရှိခဲ့တယ်ဆိုတာကို လူသိရှင်ကြား ငြင်းဆိုခဲ့ပါတယ်။ အခုတော့ စပို့တင်းက အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူးအတွက် ပေါင်(၆၇)သန်းဝန်းကျင် တောင်းဆိုနေပြီး သူ့ရဲ့အသက်အရ ပြန်လည်ရောင်းချတန်ဖိုး (resale value) နည်းပါးနိုင်တာကြောင့် အာဆင်နယ်ဘက်က ဒီတန်ဖိုးကို ပေးချေဖို့ တုံ့ဆိုင်းနေပါတယ်။

Photo Credit : Goal

တိုက်စစ်မှူးနှစ်ဦးလုံးဟာ ဒီနွေရာသီမှာ အာဆင်နယ်က သူတို့ထဲက တစ်ဦးကိုသာ ခေါ်ယူဖွယ်ရှိတယ်ဆိုတာကို သိရှိထားပုံရပြီး အခွင့်အရေး တစ်ခုတည်းအတွက် တစ်ဦးနဲ့တစ်ဦး သွယ်ဝိုက် ယှဉ်ပြိုင်နေရသလို ဖြစ်နေတာကြောင့် နှစ်ဘက်စလုံးမှာ စိတ်ပျက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ဆက်စ်ကိုနဲ့ ယိုကီရက်စ် နှစ်ဦးလုံးကို ခေါ်ယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အာဆင်နယ်ဟာ Plan Cကို အားသွန်ခွန်စိုက် ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဒီအစီအစဉ်ထဲမှာ ဖရန့်ဖတ်အသင်းက ဟူဂို အီကီတီကီ ပါဝင်ပြီး သူ့ရဲ့တန်ဖိုးက ပေါင်သန်း(၆၀)ဝန်းကျင်ရှိပေမယ့်လည်း ဖရန့်ဖတ်ဘက်ကတော့ ပေါင်သန်း(၁၀၀)လောက်အထိ အလိုရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်အတွေ့အကြုံရှိတဲ့ မန်စီးတီး ကစားသမားဟောင်း ဂျူလီယန် အယ်လ်ဗာရက်ဇ်ကိုလည်း စဉ်းစားနေပါတယ်။