အာဆင်နယ်အသင်းကတော့ အသင်းရဲ့ ဘယ်လ်ဂျီယံ တိုက်စစ်ကစားသမား လီအန်ဒရို ထရိုဆက်ဒ်ကို အသင်းကနေ ရောင်းချသွားပြီး ဝက်စ်ဟမ်းအသင်းက ဂါနာ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ကူဒပ်စ်ကို ပြန်လည် ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၂၉)နှစ်အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ဘယ်တောင်ပံကစားသမား ထရိုဆက်ဒ်ဟာ ဘရိုက်တန်ကနေ အာဆင်နယ်အသင်းဆီ ရောက်လာကတည်းက အသင်းတိုက်စစ်ပိုင်းအတွက် အားထားရသူ ဖြစ်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ခြေစွမ်းပိုင်းတွေ အနည်းငယ် ကျဆင်းလာခဲ့ရပါတယ်။

Photo Credit : The Independent

ထရိုဆက်ဒ်က ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့ရင်း သွင်းဂိုးက (၂)ဂိုးသာ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှုလည်း (၁)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း ဒီရာသီထဲ တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိနေတာကြောင့် လာမယ့်ဈေးကွက်အတွင်းမှာပဲ တိုက်စစ်ပိုင်းအတွက် ဖြည့်တင်းဖွယ် ရှိနေပါတယ်။

အာဆင်နယ်အနေနဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ဝက်စ်ဟမ်းအသင်းက ဂါနာတောင်ပံကစားသမား ကူဒပ်စ်ကို အလိုရှိနေပါတယ်။ ကူဒပ်စ်ဟာ ကွင်းလယ်တိုက်စစ် ဘယ်ညာတောင်ပံနှစ်ဖက်နဲ့ တိုက်စစ်နေရာတွေအထိ ကစားနိုင်သူ ဖြစ်သလို ဝက်စ်ဟမ်းအသင်းမှာပါ အကောင်းဆုံး ခြေစွမ်းပြသနေသူလည်း ဖြစ်ပါတယ်။

Photo Credit : PLZ Soccer

ကူဒပ်စ်ဟာ ဝက်စ်ဟမ်းနဲ့ ၂၀၂၈ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူဖြစ်ပြီး သူရဲ့ လက်ရှိတန်ကြေးဟာလည်း အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ ရှိနေတာဖြစ်လို့ ဝက်စ်ဟမ်းဘက်ကလည်း သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေး အမြောက်အများ တောင်းဆိုလာဖွယ်လည်း ရှိလို့နေပါတယ်။

ဒါကြောင့် အာဆင်နယ်အနေနဲ့ ထရိုဆက်ဒ်ကို ရောင်းချပြီး ကူဒပ်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလာဖို့လည်း ရှိနိုင်ပါတယ်။ လက်ရှိမှာ ထရိုဆက်ဒ်ကိုတော့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းက ခေါ်ယူသွားချင်နေပြီး လာမယ့် ဆောင်းဈေးကွက်မှာပဲ ကမ်းလှမ်းမှု ပြုလုပ်လာနိုင်တာဖြစ်လို့ အာဆင်နယ်အနေနဲ့ ထရိုဆက်ဒ်ကို ရောင်းချသွားနိုင်ပါတယ်။