၂၀၂၅ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ နည်းပြမီခယ်လ် အာတီတာရဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့နိုင်တယ်ဆိုပြီး သတင်းမွှေးနေတဲ့ ဆိုစီဒက် ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီဟာ လက်ရှိမှာတော့ အာဆင်နယ်ထက် ရီးယဲလ် မက်ဒရစ်အသင်းနဲ့သာ ပိုမို နီးစပ်လာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

စပိန်လက်ရွေးစင် ကွင်းလယ်လူ ဇူဘီမန်ဒီဟာ ပြီးခဲ့တဲ့ နွေတုန်းက အာနေး စလော့ရဲ့ လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ပယ်ချခဲ့ရင်း ဆိုစီဒက်မှာပဲ ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က အခုနွေမှာတော့ အသင်းပြောင်းရွှေ့ချင်နေပြီး သူ့ကိုလည်း ရီးယဲလ် အာဆင်နယ်တို့ အပါအဝင် ကလပ်အသင်း တော်တော်များများက ခေါ်ယူချင်နေပါတယ်။

Photo Credit : Bavarian Football Works

ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာတော့ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို လာမယ့်ရာသီအတွက် ရေပန်းအစားဆုံးအသင်း ဖြစ်နေပြီလို့ သတင်းထွက်ခဲ့သလို အာဆင်နယ်က ဇူဘီမန်ဒီရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၆၀)နဲ့ ဆိုစီဒက်မှာ ရနေတဲ့ လုပ်ခလစာထက် ပိုပေးနိုင်တဲ့ အနေအထားမျိုးလည်း ရှိနေပါတယ်။

ဒါပေမယ့် ရီးယဲလ်ကလည်း တိုနီ ကရူးစ်လို ကွင်းလယ်ကစားသမားတစ်ဦးကို လက်လွတ်ထားရချိန် ကွင်းလယ်မှာ အားနည်းချက်တွေ ရှိနေသလို မိုဒရစ်ကလည်း တဖြည်းဖြည်းနဲ့ အကျပိုင်းဘက် ရောက်လာပြီမို့ ကွင်းလယ်အားဖြည့်ဖို့အတွက် ဇူဘီမန်ဒီကို အာဆင်နယ်နဲ့အပြိုင် ခေါ်ယူချင်နေပါတယ်။

Photo Credit : TEAMtalk

အာဆင်နယ်ရော ရီးယဲလ်ရောဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် နေရာတွေအတွက် အာမခံချက်ကိုယ်စီ ရှိနေပေမယ့် ဆုဖလားတွေဆိုရင်တော့ ရီးယဲလ်က အာဆင်နယ်အသင်းထက် အာမခံချက် ပိုရှိနေမယ်ဆိုတာ သေချာနေပါတယ်။ ဒါ့အပြင် ရီးယဲလ်ဟာ လာမယ့်ရာသီမှာ နည်းပြအပြောင်းအလဲလည်း ရှိလာနိုင်ပြီး ဇူဘီမန်ဒီရဲ့ idol ဖြစ်တဲ့ ဇာဘီ အလွန်ဆိုက ရီးယဲလ်နည်းပြ ဖြစ်လာနိုင်ပါတယ်။

ဒ်ီအချက်တွေကြောင့် ဇူဘီမန်ဒီဟာ အာဆင်နယ်ထက် ရီးယဲလ်ဆီ ပြောင်းရွှေ့ဖို့ ပိုပြီး နီးစပ်လာနိုင်တယ်လို့ ဖော်ပြနေကြပေမယ့် ပြီးခဲ့တဲ့ နွေကလို ဖြစ်ရပ်တွေကြောင့် သေချာပေါက် ယူဆထားလို့ မရနိုင်သေးဘဲ အာဆင်နယ်ဟာလည်း သူတို့ အမှန်တကယ် လိုချင်နေတဲ့ ကစားသမားအတွက် စည်းရုံး ဆွဲဆောင်မှုတွေကို ရီးယဲလ်နဲ့အပြိုင် လုပ်ဆောင်လာနိုင်ပါတယ်။