အာဆင်နယ်အသင်းဟာ အခု နွေဈေးကွက်မှာ နောက်ခံလူတစ်ဦးနဲ့ ကွင်းလယ်လူတစ်ဦးတို့ကို ခေါ်ယူထားပြီး နောက်ထပ် ဂိုးသမားတစ်ဦးလောက်သာ ခေါ်ယူဖို့ ရှိတော့ပေမယ့် လာမယ့်နွေအတွက်ကိုတော့ ကြိုတင် ပစ်မှတ်ထားမှု တစ်ခုတော့ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ်အသင်းရဲ့ အင်္ဂလန် လက်ရွေးစင် ဘယ်တောင်ပံ ကစားသမား အန်တိုနီ ဂေါ်ဒွန်ကို လာမယ့်နွေဈေးကွက်မှာ ခေါ်ယူသွားဖို့ အခုကတည်းက ပစ်မှတ်ထားမှုတွေ လုပ်ဆောင်နေတယ်လို့ Daily Mail သတင်းဌာနကနေ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : The New York Times

အသက် (၂၃)နှစ်အရွယ် လီဗာပူးလ်မြို့ဖွား ကစားသမားဟာ ဒီနွေမှာ လီဗာပူးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ပြီး တကယ်တမ်းမှာတော့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပဲ ဂေါ်ဒွန်က နယူးကာဆယ်အသင်းမှာပဲ ကျန်ရှိနေခဲ့ရပါတယ်။

ဂေါ်ဒွန်ဟာ လီဗာပူးလ် အကယ်ဒမီကနေ အဲဗာတန် အကယ်ဒမီဆီ ပြောင်းရွှေ့ခဲ့ပြီး အဲဗာတန်မှာပဲ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်းနဲ့ ၂၀၂၃ခုနှစ်မှာပဲ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို (၄၅.၆)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။ အခုဆိုရင်လည်း ဂေါ်ဒွန်က နယူးကာဆယ်ရဲ့ အမာခံ ကစားသမားတစ်ဦးပါ ဖြစ်လာခဲ့ပါတယ်။

Photo Credit : talkSPORT

အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံလာရတဲ့အထိ သူရဲ့ စွမ်းဆောင်ရည်တွေက ကောင်းမွန်လာခဲ့သလို ကလပ်အသင်းကြီးတွေကလည်း ဂေါ်ဒွန်ကို ပိုမို စိတ်ဝင်စားလာခဲ့ကြပြီး အာဆင်နယ်အသင်းဆိုရင်လည်း လာမယ့်နွေမှာ ဂေါ်ဒွန်ကို ခေါ်ယူဖို့ပါ ကြိုတင် ပစ်မှတ်ထားလာခဲ့ပါတယ်။

အာဆင်နယ်က ဘယ်တောင်ပံမှာ မာတင်နယ်လီ ထရောဆာ့ဒ်တို့ ရှိနေပြီး ညာတောင်ပံမှာတော့ ဆာကာနဲ့ ရီးစ် နယ်လ်ဆင်တို့ ရှိနေပေမယ့် နယ်လ်ဆင်က ဒီနွေမှာပဲ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတဲ့အတွက် ဘယ်တောင်ပံကစားသမား ဂေါ်ဒွန်ကို ဆာကာနဲ့အတူ ညာခြမ်းမှာ နေရာအပြိုင်လုဖို့အတွက် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။