အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ် ကစားသမား ဂါဘရီရယ် ဂျေဇူးက သူရဲ့ ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဖို့ ရှိနေချိန် အသင်းအနေနဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို ခေါ်ယူသင့်တယ်လို့ ဒါရင်းဘန့်က တိုက်တွန်းသွားခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူး ဂျေဇူးဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာကတည်းက ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရသလို အခုလည်း ဒူးဒဏ်ရာက ထပ်မံ ဖြစ်ပေါ်လာခဲ့တာကြောင့် ရာသီအစပိုင်း ပွဲစဉ်တွေအပြင် (၂)လခန့်လောက်အထိပါ အနားယူသွားရနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : talkSPORT
ဂျေဇူး ဒဏ်ရာကြောင့် အနားယူရမယ့် အချိန်မှာ အက်ဒီ အန်ခီတီယာက အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်သွားမယ်လို့ ဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး ဒါရင်းဘန့်ကတော့ အာဆင်နယ်အနေနဲ့ ချယ်လ်ဆီးက လူကာကူကိုသာ ခေါ်ယူစေချင်တယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။
“ကျွန်တော်က အန်ခီတီယာရဲ့ အမာခံ ပရိသတ်ပါ။ လူတိုင်းကတော့ ကြိုက်မှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် သူက ဂိုးသွင်းကောင်းတဲ့သူ။ အခွင့်အရေးသာ ပေးလိုက်မယ်ဆိုရင် သူ ဂိုးတွေ သွင်းနိုင်လိမ့်မယ်ဆိုတာ သေချာပါတယ်။ ဘာလိုဂန်ကလည်း Reims မှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ဒါကြောင့် သူ အာဆင်နယ်အတွက် ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ အာဆင်နယ် ပရိသတ်တွေ ကြည့်ချင်နေကြပါလိမ့်မယ်။”
Photo Credit : Football London
“ဒါပေမယ့် ကျွန်တော်သာ ရွေးချယ်ခွင့် ရမယ်ဆိုရင် လူကာကူကို အာဆင်နယ်အတွက် ခေါ်ယူမယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ပြောခဲ့ပါတယ်။ အာဆင်နယ် fan တွေကတော့ ဒါကို လက်ခံကြမှာ မဟုတ်မှန်း ကျွန်တော် သိပါတယ်။ လူကာကူမှာက ပရီးမီးယားလိဂ် မှတ်တမ်းကောင်းတွေ ရှိနေတယ်။ သူက ရုပ်ပိုင်းဆိုင်ရာ အရလည်း တောင့်တင်းပြီး သန်စွမ်းတယ်။”
“သူ့ကိုကြည့်ရတာ အိုလီဗီယာ ဂျရူး အာဆင်နယ်မှာ ကစားခဲ့တုန်းကလို ပုံစံမျိုးနဲ့ ခပ်ဆင်ဆင် တူနေပါသေးတယ်။ ဆိုတော့ ဘာလိုဂန် နဲ့ အန်ခီတီယာတို့ကို စိတ်တိုင်းမကျဘူးဆိုရင် လူကာကူက အသင့်တော်ဆုံးပါပဲ” လို့ ဒါရင်းဘန့်က ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ လူကာကူဟာ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီသွားခဲ့ပြီ ဖြစ်ပါတယ်။