အာဆင်နယ်အသင်းက လာမယ့်နွေမှာ အသင်းအတွက် ကစားသမားသစ် ဖြည့်တင်းမှုတွေကို အသေအချာ လုပ်ဆောင်သွားဖို့ ရှိနေရာ လက်ရှိမှာတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနွေမှာ ဒက်ကလန်ရိုက်စ် ကိုင်းဟာဗက်ဇ်နဲ့ တင်းဘားတို့ကို ခေါ်ယူခဲ့ပြီး ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရတဲ့ တင်းဘားကလွဲပြီး ရိုက်စ်နဲ့ ဟာဗက်ဇ်တို့ကတော့ အာဆင်နယ်အတွက် အတော်လေးကို အကျိုးပြုနိုင်ခဲ့ပါတယ်။

Photo Credit : Yardbarker

ဒါပေမယ့် အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းမှာတော့ အထူးသဖြင့် အထောင်တိုက်စစ်နေရာအတွက် ထိပ်တန်း ကစားသမားကောင်းတစ်ဦးခန့်လောက် အလိုရှိနေလို့နေပြီး ဒီအတွက်ကိုလည်း နည်းပြအာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့က ပြင်ဆင်မှုတွေ ပြုလုပ်ထားကြပါတယ်။

အာဆင်နယ်က အထောင်တိုက်စစ်နေရာအတွက် တိုက်စစ်မှူး အများအပြားကို ချိန်ရွယ်ထားလျက် ရှိနေပြီး သူတို့ရဲ့ ပစ်မှတ်ထဲမှာ လိုက်ပ်ဇစ်အသင်းရဲ့ ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်မှူးလေး ဆက်စ်ကိုလည်း အပါအဝင် ဖြစ်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ တိုက်စစ်မှူး ဆက်စ်ကိုဟာ အရပ်အမောင်း မြင့်မားပြီး ဒီရာသီမှာလည်း လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ (၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဆလိုဗေးနီးယားအတွက်လည်း ပွဲပေါင်း (၂၈)ပွဲအထိ ကစားထားနိုင်တဲ့ ဆက်စ်ကိုဟာ ဒီရာသီမှ ဆာလ်ဇ်ဘာ့ဂ်ကနေ လိုက်ပ်ဇစ်ဆီ ရောက်ရှိလာခဲ့ပေမယ့်လည်း လာမယ့်နွေမှာပဲ လိုက်ပ်ဇစ်ကနေ ထိပ်တန်းအသင်း တစ်သင်းသင်းဆီ ထပ်မံ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။

ဆက်စ်ကိုနဲ့ လိုက်ပ်ဇစ်အသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ ယူရို သန်း(၅၀)တန် စာချုပ်ဖျက်သိမ်းကြေးကိုပါ ထည့်သွင်း ချုပ်ဆိုခဲ့တာကြောင့် ဒီတန်ကြေးနဲ့ ဆက်စ်ကို ကို ခေါ်ယူဖို့ ကလပ်အသင်းတိုင်းလိုလို စိတ်ဝင်စားနေကြပြီး ဆက်စ်ကိုကတော့ ပရီးမီးယားလိဂ် အသင်းတွေဆီသာ ပြောင်းရွှေ့သွားန်ိုင်ပါတယ်။