အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘန်ဂျမင် ဆက်စ်ကိုကို ခေါ်ယူဖို့ အခက်အခဲဖြစ်ပြီးနောက် စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကီရက်စ်အတွက် ပိုမိုမြင့်မားတဲ့ ကမ်းလှမ်းမှုအသစ်တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ပေါ်တူဂီသတင်းဌာန A Bola က ဖော်ပြခဲ့ပါတယ်။

ဆွီဒင်တိုက်စစ်မှူး ယိုကီရက်စ် ကိုယ်တိုင်ကလည်း စပို့တင်းအသင်းဥက္ကဌ ဖရက်ဒရီကို ဗာရန်ဒက်စ်အနေနဲ့ သူ့အပေါ်ထားရှိတဲ့ ကတိကဝတ်ကို မလေးစားဘူးဆိုရင် အသင်းမှာ ဆက်မကစားတော့ဘူးလို့ ခြိမ်းခြောက်ပြောဆိုထားတာကြောင့် အပြောင်းအရွှေ့အခြေအနေက ပိုပြီးပီပြင်လာခဲ့ပါတယ်။

Photo Credit : Football365

ယိုကီရက်စ်ရဲ့ အပြောင်းအရွှေ့ကိစ္စဟာ အခုအခါမှာတော့ အာဆင်နယ်ဘက်က သူတို့ရဲ့ ကနဦးကမ်းလှမ်းမှု ယူရို ၅၅ သန်းကနေ စပို့တင်းအသင်း တောင်းဆိုနေတဲ့ ယူရို သန်း ၈၀ နီးပါးအထိ တိုးမြှင့်ဖို့ ဆန္ဒရှိနေတာကြောင့် ပိုမိုစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။ အာဆင်နယ်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်စ်ကိုကို ပစ်မှတ်ထားခဲ့ပေမယ့် ဂျာမန်ကလပ်ရဲ့ တန်ကြေးသတ်မှတ်မှု မြင့်မားတာကြောင့် လက်လျှော့ခဲ့ရပါတယ်။

တစ်ချိန်တည်းမှာပဲ ယိုကီရက်စ်က ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်အတွက် အသင်းကို ပြန်လာမှာမဟုတ်ဘူးလို့ ပြောဆိုပြီးနောက် စပို့တင်းဥက္ကဌ ဗာရန်ဒက်စ်အပေါ် ဖိအားတွေ တိုးလာခဲ့ပါတယ်။ စပို့တင်းဥက္ကဌ ဗာရန်ဒက်စ်ကတော့ ဒီလိုခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း တုံ့ပြန်ထားပါတယ်။

Photo Credit : Arsenal News

“ဒီလိုနည်းလမ်းတွေက ကျွန်တော့်အပေါ်မှာ အလုပ်မဖြစ်ပါဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ယိုကီရက်စ်ကို ယူရို သန်း ၆၀နဲ့ ရောင်းချဖို့ ဘယ်တုန်းကမှ သဘောတူညီမှုမရှိခဲ့ကြောင်းနဲ့ တိုက်စစ်မှူးရဲ့ အေးဂျင့်ဖြစ်သူကသာ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ကစားနေတာဖြစ်ကြောင်းလည်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ယိုကီရက်စ်ကတော့ သူ့ရဲ့ Instagram အကောင့်မှာ “ပြောဖို့အချိန်မကျသေးပါဘူး” လို့ ရေးသားခဲ့ပြီး သူ့ဘက်က အခြေအနေကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ကလပ်အသင်းနဲ့ ဥက္ကဌအပေါ် ဖိအားတွေ တိုးလာနေချိန်မှာ ပရိသတ်တွေကတော့ ဒီအပြောင်းအရွှေ့ဇာတ်လမ်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုအသစ်နဲ့အတူ ဒီနွေရာသီမှာ ယိုကီရက်စ်တစ်ယောက် အမ်းမရိတ်စ်မြေကို ရောက်ရှိလာမလားဆိုတာကတော့ ဘောလုံးပရိသတ်တွေကြား ရေပန်းအစားဆုံး သတင်းတစ်ပုဒ် ဖြစ်လို့နေပါတယ်။