ဘီလ်ဘာအိုအသင်းရဲ့ ကြယ်ပွင့်တောင်ပံကစားသမား နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ အာဆင်နယ် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ အပြိုင်ကြဲနေကြပြီး အာဆင်နယ်ကတော့ တရားဝင် စာချုပ်ကမ်းလှမ်းမှု ပြုလုပ်ကာ အပြောင်းအရွှေ့ပြိုင်ပွဲမှာ ဦးဆောင်သူဖြစ်လာခဲ့ပါတယ်။
လတ်တလောမှာတော့ နီကို ဝီလီယံစ်ရဲ့ အေးဂျင့်ဖြစ်သူဟာ ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ ဒေကိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာကြောင့် ဘာစီလိုနာနဲ့ သတင်းတွေ ပိုမိုပြင်းထန်နေခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘာစီလိုနာဟာ နီကို့အတွက် ရွေးချယ်စရာတွေထဲမှာ အင်အားအနည်းဆုံးအသင်း ဖြစ်နေပါတယ်။
Photo Credit : Real France
စပိန်တောင်ပံကစားသမားကိုယ်တိုင်က ဘာစီလိုနာသာ သူ့ကိုခေါ်ယူဖို့ မီးစိမ်းပြမယ်ဆိုရင် တခြားကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချပြီး လစာနည်းနည်းနဲ့ ကစားဖို့အထိ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ နံပါတ်တစ်ပစ်မှတ်က လီဗာပူးလ်ကစားသမား လူးဝစ် ဒီယက်ဇ် ဖြစ်နေတာကြောင့် နီကို့အတွက် အခွင့်အရေးက ဒုတိယနေရာမှာပဲ ရှိနေပါတယ်။ နောက်ထပ်အခက်အခဲတစ်ခုက ဘီလ်ဘာအိုအသင်းဟာ နီကိုရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို(၅၈)သန်းကို အရစ်ကျမဟုတ်ဘဲ တစ်လုံးတစ်ခဲတည်း အပြည့်အဝပေးချေဖို့ တောင်းဆိုနေတာပါ။ ဒါဟာ ဘဏ္ဍာရေးအကျပ်အတည်းရှိနေတဲ့ ဘာစီလိုနာအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေပါတယ်။
အာဆင်နယ်ဟာ နည်းပြ မီခေးလ် အာတီတာက အသက်(၂၂)နှစ်အရွယ် ကစားသမားကို အထူးနှစ်သက်နေတာကြောင့် လွန်ခဲ့တဲ့ လတွေကတည်းက နီကို ဝီလီယံစါနဲ့ အဆက်မပြတ် သတင်းထွက်နေခဲ့ပါတယ်။ အားကစားဒါရိုက်တာ အန်ဒရီယာ ဘာတာကိုယ်တိုင် မတ်လကတည်းက နီကို့ရဲ့အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
Photo Credit : ESPN
SPORT သတင်းဌာနရဲ့ နောက်ဆုံးဖော်ပြချက်အရ အာဆင်နယ်ဟာ နီကို ဝီလီယံစ်ကို လန်ဒန်မှာ ရရှိမယ့် လစာငွေပမာဏကို ရှင်းရှင်းလင်းလင်း တရားဝင် ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကမ်းလှမ်းမှုဟာ တစ်နှစ်လုပ်ခလစာ ယူရို(၉)သန်းအထိရှိပြီး ဒါဟာ တခြားကလပ်တွေက ပေးနိုင်တာထက် ပိုများနိုင်တဲ့ ပမာဏဖြစ်ပါတယ်။ နီကို ဝီလီယံစ်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို သဘောတူညီခြင်းမရှိသေးဘဲ သူ့ရဲ့ရွေးချယ်မှုတွေကို ဆက်လက်ချိန်ဆနေဆဲပါ။
ဥရောပရဲ့ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကလည်း နီကို ဝီလီယံစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂျာမန်သတင်းတွေမှာတော့ နီကိုတောင်းဆိုတဲ့လစာက ဘိုင်ယန်အတွက် မြင့်မားလွန်းနေတယ်လို့ ဖော်ပြနေကြပေမယ့် သူတို့ဟာ ကစားသမားရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ တုံ့ပြန်မှုတွေကို ရရှိထားတယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေမှာတော့ ကလပ်အသင်းသုံးသင်းလုံးနဲ့ ကစားသမားကိုယ်တိုင်ဟာ အပြီးသတ်ဆုံးဖြတ်ချက်မချမီမှာ သူတို့ရဲ့ ရွေးချယ်စရာတွေကို သေချာချိန်ဆနေကြဆဲဖြစ်ပါတယ်။ ဘောလုံးပရိသတ်တွေအတွက်တော့ ဒီနွေရာသီမှာ နီကို ဝီလျံစ်တစ်ယောက် ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။