အာဆင်နယ်အသင်းဟာ လာမယ့်နွေမှာ တိုက်စစ်ပိုင်းကို အင်အား တိုးမြှင့်ဖို့အတွက် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဆွီဒင် တိုက်စစ်ကစားသမား ဗစ်တာ ရော့ကီယက်စ်ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ Football Transfer ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာမယ့်နွေမှာတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အရည်အသွေး မြင့်မားတဲ့ တိုက်စစ်မှူးကောင်းတစ်ဦးကို ဖြည့်တင်းသွားမှာဖြစ်ပြီး ဒီအတွက်လည်း နာမည်ကျော် တိုက်စစ်မှူးတွေကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

Photo Credit : Transfermarket

အာဆင်နယ်နဲ့ သတင်းအထွက်ဆုံး ဖြစ်နေရတာက ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး ဖြစ်နေပေမယ့်လည်း တိုနေးရဲ့ ပြောင်းရွှေ့ကြေးက ပေါင်သန်း(၁၀၀)ကျော်လောက်အထိ အလွန်မြင့်မားလွန်းနေတာကြောင့် အာဆင်နယ်က ချန်ပီယံရှစ် ကစားသမားဟောင်း ရော့ကီယက်စ်ကိုသာ ဦးစားပေး ပစ်မှတ်ထားလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ရော့ကီယက်စ်ဟာ ဆွမ်ဆီး ကိုဗင်ထရီတို့လို အင်္ဂလန် ချန်ပီယံရှစ် ကလပ်အသင်းတွေမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ဘရိုက်တန်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Eurosport

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကိုဗင်ထရီအတွက် ချန်ပီယံရှစ်မှာ (၂၁)ဂိုးအထိ သွင်းယူပေးရင်းနဲ့ နာမည်ကျော်ကြားလာခဲ့ရာ ဒီနှစ်နွေမှာပဲ သူ့ကို ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းအသင်းက ယူရို (၂၄)သန်းနဲ့ ခေါ်ယူခဲ့ပြီး ကစားသမားရဲ့ လျော်ကြေးကိုပါ ယူရို သန်း(၁၀၀)အထိ သတ်မှတ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ရော့ကီယက်စ်က စပို့တင်း လစ္စဘွန်းအသင်းမှာ အတော်လေးကို ခြေစွမ်းပြသနေပြီး ကစားသမားဘဝရဲ့ အကောင်းဆုံး အခိုက်အတန့်ကို ရောက်ရှိနေသလိုပါ စွမ်းဆောင်ထားနိုင်ပါတယ်။ ရော့ကီယက်စ်က ဒီရာသီထဲ အသင်းအတွက် (၃၇)ပွဲကစားထားပြီး (၃၃)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့ရာ ဒီလို စွမ်းဆောင်ထားနိုင်တဲ့ ရော့ကီယက်စ်ကို အာဆင်နယ်က သူရဲ့စာချုပ်ဖျက်သိမ်းကြေး ပမာဏအတိုင်း ပေးချေပြီး ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။