အာဆင်နယ်အသင်းဟာ သူတို့ရဲ့နွေရာသီအတွက် အဓိကပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးကို ခေါ်ယူနိုင်ဖို့ နီးစပ်လာပြီဖြစ်ပြီး စပို့တင်း လစ္စဘွန်းအသင်းရဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကာရက်စ်ကို ခေါ်ယူရေးအတွက် ဆွေးနွေးမှုတွေလည်း တိုးတက်နေပြီ ဖြစ်ပါတယ်။ တိုက်စစ်မှူးများစွာကို အကဲဖြတ်ခဲ့ပြီးနောက်မှာတော့ အမြောက်တပ်သားတွေဟာ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးကိုသာ အပြည့်အဝ အာရုံစိုက်လာခဲ့ပြီး ယခင်ပစ်မှတ်ဖြစ်တဲ့ ဘင်ဂျမင် ဆက်စ်ကို ကို လက်လွှတ်လိုက်ဖွယ် ရှိနေပါတယ်။

အားကစားသတင်းထောက် Sacha Tavolieri ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ယိုကာရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် နောက်ဆုံးအဆင့်ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ကစားသမားနဲ့ ပရီးမီးယားလိဂ်ကလပ်တို့ကြား (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို သဘောတူညီမှု ရရှိထားပြီလို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ရဲ့ ငွေကြေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို နှစ်ဖက်ညှိနှိုင်းနေဆဲဖြစ်လို့ စပို့တင်းအသင်းနဲ့ ဆွေးနွေးမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

Photo Credit : Optus Sport

ယိုကာရက်စ်ဟာ စပို့တင်းအသင်းရဲ့ အခြေအနေကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး “သစ္စာဖောက်ခံရပြီး ပင်ပန်းနွမ်းနယ်နေပြီ” လို့ ခံစားနေရကြောင်း နားလည်ရပါတယ်။ သတင်းတွေအရ သူဟာ အသင်းနဲ့ အစောပိုင်းက ရရှိထားတဲ့ နားလည်မှု (သူ့ကို လျှော့ဈေးနဲ့ ထွက်ခွာခွင့်ပြုမယ့် တရားမဝင်သဘောတူညီချက်) ကို လေးစားလိုက်နာခြင်းမရှိဘူးလို့ ယုံကြည်နေပါတယ်။ စပို့တင်းအသင်းရဲ့ ဥက္ကဋ္ဌ ဖယ်ဒရီကို ဗာရန်ဒက်စ်ကတော့ သူတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ကို လက်လွှတ်ဖို့ ဆန္ဒရှိကြောင်း ဝန်ခံခဲ့ပေမယ့် သူတို့သတ်မှတ်ထားတဲ့ မျှတတဲ့ဈေးနှုန်းကို မရဘဲနဲ့တော့ ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

“စပို့တင်းအသင်းက သူ့ကို ရောင်းထုတ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ ဗစ်တာနဲ့ တခြားဘယ်ကစားသမားရဲ့ အိပ်မက်ကိုမဆို ကျွန်တော်တို့က အလေးထားပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ အစည်းအဝေးတွေလုပ်ပြီးနောက်မှာတော့ ကျွန်တော်တို့ စာချုပ်ပါလျော်ကြေးငွေကို တောင်းဆိုမှာမဟုတ်ဘဲ ဗစ်တာအတွက် တောင်းဆိုမယ့်ဈေးနှုန်းနဲ့ပတ်သက်ပြီး ကျိုးကြောင်းဆီလျော်မှုရှိမှာပါ။ ဒီနေ့မှာတော့ သူထွက်ခွာဖို့ အလားအလာများတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဈေးကွက်ကို ကျွန်တော်တို့ စောင့်ကြည့်နေခဲ့ပြီး ဗစ်တာထက် ခြောက်လငယ်တဲ့ ဇူဘီမန်ဒီက ယူရို ၆၅ သန်းနဲ့ ထွက်ခွာသွားတာကို ကျွန်တော်တွေ့ခဲ့ပါတယ်”။

Photo Credit : TEAMtalk

“တိုက်စစ်မှူးတွေဖြစ်တဲ့ မားတီးယပ်စ် ကွန်ညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ဆိုရင် ကျွန်တော့်အမြင်မှာ ဗစ်တာလောက် ဈေးကွက်တန်ဖိုး ဒါမှမဟုတ် အရည်အသွေးမရှိပေမယ့် ယူရို ၇၅ သန်းဝန်းကျင်နဲ့ ညှိနှိုင်းနေကြတာကို တွေ့ရပါတယ်။ ဈေးနှုန်းဘယ်လောက်လဲဆိုတာတော့ ကျွန်တော်မပြောတော့ပါဘူး။ ကစားသမားကတော့ သိပါတယ်။ ကျွန်တော်ပြောနိုင်တာကတော့ ဗစ်တာဟာ ယူရို သန်း ၆၀ အပေါင်း ၁၀ သန်းနဲ့ ထွက်ခွာရမှာမဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး” လို့ ဥက္ကဋ္ဌက ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

ယိုကာရက်စ်ရဲ့ ပြီးခဲ့တဲ့ရာသီက ဂိုးသွင်းစွမ်းရည်ဟာ လုံးဝကို အံ့မခန်းဖြစ်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ လိဂ်ပွဲ ၃၃ ပွဲမှာ ၃၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် ၁၀ ခုမှာ ဘယ်သူနဲ့မှမတူတဲ့ စံချိန်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အစောပိုင်းမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကိုနဲ့ သတင်းထွက်ခဲ့ပေမယ့် ယိုကာရက်စ်နဲ့ ဆွေးနွေးမှုတွေ တိုးတက်လာတာကြောင့် ဆလိုဗေးနီးယားတိုက်စစ်မှူးအပေါ် စိတ်ဝင်စားမှု လျော့ကျသွားဖွယ်ရှိပါတယ်။