အာဆင်နယ်အသင်းကတော့ ဘာစီလိုနာအသင်းနဲ့ နောက်ခံအစွန်လူ ဂျာအို ကန်ဆယ်လိုတို့ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ဘာစီလိုနာသာ ကန်ဆယ်လိုကို အပြီးသတ် မခေါ်နိုင်ခဲ့ရင် အာဆင်နယ်က ကန်ဆယ်လိုကို အရ ခေါ်ယူနိုင်အောင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနွေဈေးကွက်မှာပဲ မန်စီးတီးရဲ့ ပေါ်တူဂီ ညာနောက်ခံကစားသမား ကန်ဆယ်လိုကို တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး အငှားသက်တမ်း ပြည့်ချိန်မှာ အပြီးသတ် ခေါ်ယူဖို့ စီစဉ်ထားခဲ့ပေမယ့် လက်ရှိမှာတော့ အပြီးသတ် ခေါ်ယူနိုင်ဖို့က ခက်ခဲလာခဲ့ရပါတယ်။

Photo Credit : BeSoccer

အသက် (၂၉)နှစ်အရွယ် ကန်ဆယ်လိုဟာ ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ (၃၂)ပွဲအထိ ပါဝင်ကစားထားနိုင်ပြီး (၄)ဂိုးသွင်း (၄)ဂိုးဖန်တီးထားနိုင်သလို အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။

ဒီလို ခြေစွမ်းတွေ ပြသထားနိုင်တဲ့ ကန်ဆယ်လိုကို အငှားကနေ အပြီးသတ် ခေါ်ယူဖို့ဆိုရင် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၄၀)အထိ အသုံးပြုရမှာက ဘာစီလိုနာအသင်းတွက် ခက်ခဲနိုင်တာမို့ ဒီအပြောင်းအရွှေ့က အငှားနဲ့သာ အဆုံးသတ်ရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

ဒီအချိန်မှာ အာဆင်နယ်အသင်းက ကန်ဆယ်လိုရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပြီး တကယ်လို့ ဘာစီလိုနာသာ ကန်ဆယ်လိုကို အပြီးသတ် မခေါ်ယူနိုင်ခဲ့ရင်တော့ ကန်ဆယ်လိုကို သူတို့အသင်းဆီ ခေါ်ဆောင်သွားဖွယ်ပါ ရှိနေပါတယ်။

အာဆင်နယ်ဟာ မန်စီးတီးက ဂျေဇူး ဇင်ချန်ကိုတို့ပြင် ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြ အာတီတာကိုလည်း ခေါ်ယူထားခဲ့သလို အခု အာတီတာက သူနဲ့ စီးတီးမှာ လက်တွဲခဲ့ဖူးတဲ့ ကန်ဆယ်လိုကိုပါ ထပ်မံ ခေါ်ယူသွားဖို့အတွက် စောင့်ကြည့်လျက် ရှိလို့နေပြီး မန်စီးတီးဘက်ကလည်း ကန်ဆယ်လိုကို အပြီးသတ် ရောင်းချဖို့ ဆန္ဒရှိနေတဲ့အတွက် ဘာစီလိုနာနဲ့ အာဆင်နယ်တို့ အပြိုင်ကမ်းလှမ်းရနိုင်ပါတယ်။