ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်က လာမယ့်နွေဈေးကွက်မှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားကိုးရမယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စဉ်းစားထားရာ ဘိုလော့ဂ်နာကြယ်ပွင့် ဇရက်ဂ်ဇီအပေါ် စိတ်ဝင်စားမှုတွေ ရှိနေသလို ဇရက်ဂ်ဇီရဲ့ အေးဂျင့်ထံ ဆက်သွယ်မှုတွေပါ လုပ်ထားကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် နယ်သာလန် ယူ-၂၁ လက်ရွေးစင် တိုက်စစ်မှူး ဇရက်ဂ်ဇီက ၂၀၂၂ခုနှစ်မှာ ဘိုလော့ဂ်နာဆီ ရောက်ရှိလာသူ ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘိုလော့ဂ်နာရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားကာ စီးရီးအေရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Goal

ဇရက်ဂ်ဇီက ယခုနှစ် ဘောလုံးရာသီမှာ ဘိုလော့ဂ်နာ အတွက် ပြိုင်ပွဲစုံမှာ ၃၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၆ကြိမ် ရရှိထားပြီး သူက အထောင်တိုက်စစ် နေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် နောက်ချန်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိပါတယ်။

ဇရက်ဂ်ဇီက အဆုံးသတ်ကောင်းကာ လျင်မြန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် အာဆင်နယ် အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ် တချို့က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြပြီး ဇရက်ဂ်ဇီကလည်း သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရလာမယ် ဆိုရင် လာမယ့် နွေဈေးကွက်မှာ ဘိုလော့ဂ်နာကို စွန့်ခွာဖို့ စဉ်းစားထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး အီတလီ သတင်းထောက် တဦး ဖြစ်သူ ရှခီရာရဲ့ ဖော်ပြချက်အရ အာဆင်နယ်ရဲ့ ကင်းထောက်တွေက ဒီရာသီမှာ ဇရက်ဂ်ဇီရဲ့ ခြေစွမ်းကို ကြိမ်ဖန်များစွာ လာရောက် အကဲခတ်ထားသလို အာဆင်နယ်က ဇရက်ဂ်ဇ်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေကာ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေနဲ့ ဇရက်ဂ်ဇီရဲ့ အေးဂျင့်ဖြစ်သူ ဂျူရက်ဘ်ချီယန်တို့ ကြားထဲမှာ ကနဦး ဆွေးနွေးမှုတွေ လုပ်ထားပြီး ဆွေးနွေးမှုတွေက အဆင်ပြေ အောင်မြင်ခဲ့ကြောင်း သိရှိရပါတယ်။

ဘိုလော့ဂ်နာကတော့ သူတို့အသင်းနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဇရက်ဂ်ဇီရဲ့ တန်ကြေးကို ယူရို ၄၀သန်း သတ်မှတ်ထားပြီး အာဆင်နယ်က အသင်းရဲ့ ရှိရင်းစွဲ တိုက်စစ်မှူး အန်ခီးတီးယားကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ပြီးမှ ဇရက်ဂ်ဇီကို ပြန်လည် ဝယ်ယူဖွယ် ရှိပါတယ်။