ဒီဆောင်းဈေးကွက်အတွင်းမှာ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းသွားဖို့ လိုအပ်နေတဲ့ အာဆင်နယ်အသင်းဟာ ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဘရိုဟာ မာယိုရယ်လ်ကို ပြောင်းရွှေ့ကြေး ပေါင် (၂၂)သန်းနဲ့ ကမ်းလှမ်းထားတယ်လို့ The Sun ကနေ ဖော်ပြထားခဲ့ပါတယ်။

အာဆင်နယ်က အသင်းတိုက်စစ်အတွက် ဘရန့်ဖို့ဒ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့်လည်း ဘရန့်ဖို့ဒ်ဘက်ကတော့ သူတို့ ကစားသမားကို အခု ဆောင်းဈေးကွက်မှာ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပဲ သန်း (၁၀၀)နဲ့ ကမ်းလှမ်းလာမှသာ စဉ်းစားမယ်လို့ တုံ့ပြန်ထားခဲ့ပါတယ်။

Photo Credit : Daily Mail

အာဆင်နယ်အနေနဲ့ သူတို့ အမှန်အကန် လိုချင်တဲ့ တိုနေးကို မရရင်တောင်မှ တခြား တိုက်စစ် options တွေကို ဆက်လက် ပစ်မှတ်ထားနေရဆဲ ဖြစ်ပြီး သူတို့ရဲ့ ပစ်မှတ် ကစားသမားစာရင်းထဲမှာ ဂီတာဖေးအသင်းရဲ့ စပိန် တိုက်စစ်မှူး မာယိုရယ်လ်ပါ ပါဝင်လာခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ရီးယဲလ် မက်ဒရစ် လူငယ် အကယ်ဒမီထွက် တိုက်စစ်ကစားသမား မာယိုရယ်လ်ဟာ ရာအူးလ် ဂွန်ဇာလက်ဇ် လက်သစ်လေးလို့ တင်စား ခေါ်ဆိုခံထားရသူဖြစ်ပြီး ရီးယဲလ်အတွက်ကိုလည်း ပြိုင်ပွဲစုံ (၃၃)ပွဲကစား (၇)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Managing Madrid

ဒါပေမယ့် ကစားသမားကောင်းတွေ ပေါများလွန်းတဲ့ ရီးယဲလ်အသင်းမှာ နေရာ မရနိုင်တဲ့ မာယိုရယ်လ်က ရိုးမား ဝုလ်ဖ်ဘတ် လီဗန်တေး နဲ့ ဂီတာဖေးတို့မှာ အငှားထွက် ကစားခဲ့ရသလို ဂီတာဖေးအသင်းဆီကိုလည်း အပြီးသတ် ပြောင်းရွှေ့ခဲ့ရပါသေးတယ်။

ဒီနှစ် ဘောလုံးရာသီမှာတော့ ဂီတာဖေးအသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ဂိုး သွင်းယူထားတဲ့ မာယိုရယ်လ်ကို အာဆင်နယ်အသင်းက ပေါင် (၂၂)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ ဒီကနဦး ကမ်းလှမ်းချက်ကိုတော့ ဂီတာဖေးဘက်က ပယ်ချခဲ့ပြီး ပေါင် (၃၉)သန်းခန့်အထိ တောင်းဆိုထားပါတယ်။