အာဆင်နယ်အသင်းကတော့ ဘရန့်ဖို့ဒ်အသင်းရဲ့ စပိန် ဂိုးသမား ဒေးဗစ် ရာယာအတွက် ကနဦး ကမ်းလှမ်းမှုတစ်ရပ်ကို စတင် လုပ်ဆောင်သွားခဲ့တယ်လို့ ဗြိတိန် ဘောလုံး သတင်းထောက် အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်က ဂိုးသမား ရာယာအတွက် ဘရန့်ဖို့ဒ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၂၀) + အပိုဆုကြေး ပေါင် (၃)သန်း စုစုပေါင်း ပေါင် (၂၃)သန်းနဲ့ ကမ်းလှမ်းမှုကို စတင် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

စပိန် လက်ရွေးစင် ဂိုးသမား ရာယာဟာ ဒီနွေမှာ ဘရန့်ဖို့ဒ်အသင်းနဲ့ လမ်းခွဲဖို့ လုပ်ဆောင်ထားသူဖြစ်ပြီး ဈေးကွက်ဖွင့်ပြီး သိပ်မကြာခင်မှာပဲ စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုအထိ ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဘရန့်ဖို့ဒ်က ရာယာအတွက် သတ်မှတ်ထားတဲ့ ပေါင် သန်း(၄၀)ကို ပေးချေဖို့ စပါးဘက်က ဆန္ဒမရှိလို့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

ဆက်လက်ပြီး ရာယာကို ဘိုင်ယန်မြူးနစ်အသင်းက ချဉ်းကပ်မှုတွေ လုပ်ဆောင်လာခဲ့ပေမယ့်လည်း အငှား + အပြီးသတ် ခေါ်ယူမှုတွေနဲ့ ကမ်းလှမ်းလာခဲ့ရာ ဘရန့်ဖို့ဒ်ဘက်ကရော ရာယာကပါ ဒီကမ်းလှမ်းမှုကို ပြိုင်တူ ပယ်ချသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီအချိန်မှာ အာဆင်နယ်က ဂိုးသမား ရမ်းစ်ဒဲလ်နဲ့ နေရာအပြိုင် ဖြစ်နေဖို့အတွက် ရာယာကို ကြိုးပမ်းလာခဲ့ရာ ရာယာကိုယ်တိုင်ပါ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့ပြီး နောက်ဆုံးမှာတော့ ရာယာက အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းချက်ကိုပါ သဘောတူညီခဲ့ပါတယ်။

ဒါကြောင့် ကစားသမားနဲ့ သဘောတူညီမှု ရထားတဲ့ အာဆင်နယ်က ကလပ်အသင်းနဲ့ပါ သဘောတူညီမှု ရဖို့အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင် (၂၃)သန်းနဲ့ စတင် ကမ်းလှမ်းထားပေမယ့်လည်း ဒီတန်ကြေး ပမာဏက ဘရန့်ဖို့ဒ်အတွက် နည်းပါးတယ်လို့ ယူဆနိုင်တာကြောင့် ပယ်ချခံရဖွယ်သာ ရှိနေပါတယ်။